ဖြူးနဲ့ ကျောက်ကြီးမြို့နယ်အစပ်ရှိ ကျေးရွာ ငါးရွာမှာ ရေဘေးဒုက္ခသည်တွေ ပိတ်မိနေဆဲ

စက်တင်ဘာ ၁၆ – ၂၀၂၄
SN (VOM)
ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အစပ်ရှိ ကျေးရွာ ငါးရွာမှာ ရေဘေးဒုက္ခသည်တွေ ပိတ်မိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ ကျေးရွာတွေကတော့ ဒိုးတန်း၊ သောင်လယ်၊ နွယ်တန်း၊ အင်ကြင်းကုန်းနဲ့ ရန်ဂစ်ရွာတို့ဖြစ်ပြီး စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကတည်းကစပြီး ပိတ်မိနေတာဖြစ်တယ်လို့ သိရပါတယ်။
“စစ်တောင်းမြစ်ကမ်းဘေးက ရွာလေးတွေပါ။ အခုအချိန်ထိ ပိတ်မိနေကြတုန်းပါ။ ကယ်ဆယ်ရေး အကူအညီတွေလည်း မရောက်သေးဘူး။ လက်ရှိမှာ စားရေးသောက်ရေး၊ နေရေးထိုင်ရေးအတွက် အရမ်းကို ဒုက္ခရောက်နေကြတယ်။ သွားရေးလာရေးကလည်း အရမ်းကိုခက်ခဲတဲ့ နေရာတွေပါ။ ကျွန်တော်တို့ရွာအပါအဝင် ဒီနားတဝိုက်က ရွာတွေက စစ်တောင်းမြစ်ကို ဖြတ်ရတာကိုး။ တနေရာနဲ့ တနေရာ သွားဖို့က လှေပေါ်တင် တနာရီခွဲလောက် ကြာတယ်။ အသွားအပြန်ဆို သုံးနာရီလောက် ကြာတယ်” လို့ ကျောက်ကြီးမြို့နယ်၊ ဒိုးတန်းရွာက ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ မိုးမရွာတော့တဲ့အတွက် ရေတိုးတာ အနည်းငယ် တန့်နေပေမယ့် မိုးပြန်ရွာရင်တော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ရေစတင် ဝင်ရောက်တဲ့ စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိကတော့ ရေအတက်ကြမ်းခဲ့ပြီး တခါတက်ရင် နာရီပိုင်းအတွင်းကို ၁ ပေ၊ ၂ ပေလောက်ကနေ ၄ ပေလောက်အထိ မြင့်တက်ခဲ့တာဖြစ်ကာ လက်ရှိမှာတော့ ၁ လက်မ၊ ၂ လက်မလောက်သာ ရေတိုးနေပြီး အတက်နှေးနေတယ်လို့ သူက ပြောပါတယ်။
ဒိုးတန်းရွာမှာလည်း မနေ့ စက်တင်ဘာ ၁၅ ရက်အထိ လေးရက်ကြာ ရေဘေးသင့်ပြည်သူတွေ ပိတ်မိနေခဲ့တာရှိပြီး အကူအညီ တောင်းခံမှုတွေကြောင့် ဒီကနေ့ စက်တင်ဘာ ၁၆ ရက်မှာတော့ ကယ်ဆယ်ရေးတွေ ရောက်ရှိလာပြီဖြစ်ကာ ရွာရှိ လူဦးရေ ထက်ဝက်လောက်ကို ကယ်ထုတ်နေပြီဖြစ်တယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့ရွာကတော့ အခုအချိန် ကယ်ဆယ်နေဆဲပေါ့။ တချို့ကျတော့လည်း ကယ်ဆယ်ရေးစခန်းတွေဆီ သွားတယ်။ တချို့ကျတော့လည်း ဆွေမျိုးတွေရှိတဲ့ဆီ သွားကြတယ်။ ကျွန်တော်တို့ကတော့ ရေကြီးတယ်၊ ဒုက္ခရောက်တယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေလာရင်ပဲ ဝမ်းသာလှပါပြီ။ ကျွန်တော်တို့ရွာဆိုတာလည်း ရောက်ဖို့ရာ ခဲယဉ်းတယ်။ ရေစီးနဲ့ ကယ်ဆယ်ရေးသမားတွေ ဆိုတာကလည်း တော်တော်စွန့်စွန့်စားစားကို လာရတာ။ ကိုယ့်နယ်သားလည်း မဟုတ်ကြတော့ သွားလာရေး ပိုခက်ခဲကြတယ်။ ရေကလည်း ပင်လယ်ပြင်ကြီးလို ဖြစ်နေတာဆိုတော့လေ။ များသောအားဖြင့် သစ်ပင်လေးတွေပဲ ပေါ်တော့တာ။ ကျွန်တော်တို့ကျတော့ ကျောက်ကြီးမြို့နယ်အစပ်၊ ဟိုဘက်ကျတော့ ဖြူးမြိုနယ်အစပ်၊ ကြားထဲမှာ စစ်တောင်းမြစ်ကြီးရှိတယ်” လို့ ဒိုးတန်းရွာဒေသခံက ပြောပါတယ်။
လက်ရှိမှာ ဖြူးမြို့နယ်ရှိ စစ်တောင်းမြစ်ကမ်းဘေးက ရွာတွေမှာလည်း မြစ်ရေ ဝင်ရောက်နေပြီဖြစ်ပြီး မနေ့ စက်တင်ဘာ ၁၅ ရက်မှာ ကျောက်စောင်း၊ ဘန်းလောင်၊ နန္ဒမိတ်၊ မြပဲခူး၊ မိဿလင်၊ ဇီးခုံ၊ ဆေးရိုးကုန်း၊ ကညင်ဒိုင်း၊ ကိုင်းတဲစု၊ အုတ်ဖြတ်/ရွာသာယာ၊ ရေဦး၊ ညောင်ပင်သာကြီး စတဲ့ မြစ်ကမ်းဘေးက ရွာတွေအကုန်လုံးနီးပါး ရေမြုပ်နေပြီဖြစ်ကာ ကယ်ဆယ်ရေးတွေ ရောက်ရှိ ကူညီနေပေမယ့် စက်လှေ မလုံလောက်တဲ့အတွက် ကယ်ဆယ်ရေးပိုင်းမှာ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW