အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ယနေ့အထိ နာလန်မထူနိုင်သေး

စက်တင်ဘာ ၂၇ – ၂၀၂၄
KG(VOM)
နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ ယနေ့ကာလအထိ နာလန်ပြန်မထူနိုင်သေးဘူးလို့ နယ်စပ်ဒေသမှာရှိကြတဲ့ ကုန်သည်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံကနေ သိရပါတယ်။
လက်ရှိကာလမှာ နယ်စပ်ဂိတ်တွေကိုပိတ်ပင်ထားမှုနဲ့ ကုန်စည်စီးဆင်းတဲ့ အပိုင်းမှာလည်းလမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ လုံးလုံးရပ်တန့်နေတဲ့အနေအထားမှာရှိ နေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
“အိန္ဒိယဘက်ကနယ်စပ်ဂိတ်တွေကို အခုထိပိတ်ထားတုန်းပဲ။ အခုကာလအထိကုန်သွယ်မှုကလုပ်လို့ကို မရသေးတာပေါ့။အရင်တုန်းက သူတို့နဲ့နားလည်မှုရယူပြီး နယ်စပ်ဂိတ်တွေကိုဝင်၊ထွက် ရောင်းဝယ် ဖောက်ကားတာတွေကိုလုပ်လို့ရသေးတယ်။ အခုက အဲဒီလိုတောင်လုပ်လို့မရတော့ဘူး။ မနက်ပိုင်း အချိန်ခဏလေးပဲဒီတမူးဘက်နေ အိန္ဒိယမိုးရေးဘက်ထဲကိုခေါင်းရွက်ဈေးသည်အချို့လောက်ပဲ ခိုးဝင်၊ခိုးထွက်ပြီးဈေးရောင်းကြရတာ။ လုံခြုံရေးတွေလာရင်ပြန်ထွက်ဒီလောက်လေးပဲရှိတယ်။ အရင်လိုကုန်သွယ်မှုကြီးကြီးမားမားကတော့ပြန်လုပ်လို့မရသေးဘူး”လို့ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သည်တယောက်က VOM ကို ပြောပါတယ်။
ဒါပေမယ့် လက်ရှိကာလမှာ မြန်မာဘက်ကကုန်ပစ္စည်းတွေကို အိန္ဒိယဘက်ကအဝင်မခံပေမယ့် အိန္ဒိယဘက်က ကုန်စည်အချို့ကိုတော့ မြန်မာဘက်ကိုသွင်းနေတာတွေရှိတယ်လို့လည်း နယ်စပ်ကုန်သည်တွေက ဆိုပါတယ်။
“အခုဘယ်လိုဖြစ်လဲဆိုရင် သူတို့ဘက်ကကုန်ပစ္စည်းကျတော့သွင်းတယ်။ ဒီဘက်ကပစ္စည်းကျတော့သူတို့ထဲပေးမသွင်းဘူး။ အဲဒီလိုတွေလည်းရှိပါတယ်။ ဒီဘက်ကသွင်းတဲ့ကုန်စည်တွေကတရုတ်ဘက်ကပစ္စည်းတွေလည်းပါတော့အိန္ဒိယဘက်ကလည်းအခုတရုတ်ပစ္စည်းဆိုသိပ်လက်မခံချင်ဘူး။အဲ့လိုတွေဖြစ်တယ်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ဘယ်လိုကုန်စည်တွေတင်ပို့ကြလဲဆိုတော့ အထည်အလိပ်ပစ္စည်းများတယ်။ အခြားစားသောက်ကုန်ပိုင်းတွေရော၊ လူသုံးကုန်စ္စည်းတွေရော အတော်လေးများပါတယ်။ ကုန်သွယ်ကြပါတယ်။ အခုကနယ်စပ်ဂိတ်တွေကပိတ်ထားတော့ စီးပွားရေးအရလုပ်ရတဲ့အပိုင်းမှအတော်လေး အကြပ်ရိုက်သွားတယ်။ လုပ်ငန်းတွေက အကုန်လုံးရပ်နေတယ်။ တန့်နေတာတောင်မဟုတ်ဘူး။ရပ်နေတာပါ။လုပ်ငန်းရှင်တွေလည်းအများကြီးထိခိုက်တာပေါ့။ပြောရရင်အခုကာလမှာကုန်သွယ်မှုကဇီးရိုးပါပဲ”လို့ ဒေသခံကုန်သည်တယောက်က ထပ်လောင်း ပြောပြပါတယ်။
တမူးမြို့ကနေ မြန်မာပြည်အောက်ဘက်ပိုင်းတွေကိုကုန်ပစ္စည်းပို့ဆောင်ရတဲ့အခါမှာလည်း လမ်းပိုင်းဆက်သွယ်ရေးနဲ့ တိုက်ပွဲအခြေအနေတွေကြောင့် အချိန်ကာလအားဖြင့်ကြာမြင့်မှုနဲ့ အထွေထွေစရိတ်စကတွေအဆမတန်မြင့်တက်လာမှုတွေကိုလည်း ကုန်သည်တွေဘက်ကကြုံတွေ့နေရတယ်လို့ သိရပါတယ်။
“တမူးမြို့ကနေ အောက်ပိုင်းတွေကိုပစ္စည်း ပို့မယ်ဆိုလည်း လမ်းပန်းဆက်သွယ်ရေး ကြောင့်ပို့လို့မရတာတွေရှိတယ်။ရန်ကုန်တို့ မန္တလေးတို့ကို ဒီကနေပို့မယ်ဆိုရင် ကုန်းလမ်းကဆို အချိန်တလလောက်ကြာတယ်။ကုန်လမ်းမဟုတ်ဘဲလေကြောင်းလိုင်းကပို့မယ်ဆို တော့လည်း ပို့ဆောင်ခ နှစ်ဆလောက်ဖြစ်သွားတယ်။အဲဒီလိုအပိုင်းတွေကြုံနေရတယ်။ကုန်စည်ပို့ဆောင်တဲ့အပိုင်းမှာလည်းအထွေထွေစရိတ်စကတွေကအများကြီးတက်လာပါတယ်”လို့ နယ်စပ်ကုန်သည်တယောက်က ပြောပြပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ လက်ရှိကာလမှာပြန်လည်ကောင်းမွန်လာဖို့ကိုလည်း မျှော်လင့်လို့မရသေးဘူးလို့ စစ်ကိုင်းတိုင်းဒေသခံ တယောက်က အခုလိုဆက်ပြီးပြောပြခဲ့ပါတယ်။
“ကလေး-တမူးလမ်းတွေကဘယ်လိုမှသွား လို့မရဘူးလေ။လက်နက်ကိုင်အဖွဲ့တွေအများကြီးရှိသလို နှစ်ဖက်အဖွဲ့တွေရဲ့စစ်ဆေးရေးဂိတ်တွေလည်းအများကြီးရှိတယ်။ကုန်သွယ်မယ်ဆိုဒါတွေကိုဖြတ်ရတယ်။အခုကစစ်ကိုင်းထဲခရီးသွားမယ်ဆိုလူတောင်မနည်းသွားနေရတာ၊စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာတိုက်ပွဲတွေကလည်းအခုအထိအများကြီးဖြစ်နေတယ်။ အဲဒီတော့ ကုန်သွယ်ရေးရော၊ စီးပွားရေးရော၊ ကူးသန်းရောင်း
ဝယ်ရေးရော ဒီအချိန်မှာမစဉ်းစားနဲ့ဘာမှလုပ်မရတဲ့ အနေအထားဖြစ်နေတယ်”လို့ သူက ပြောပြပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ့ ISP Myanmar ရဲ့ထုတ်ပြန်ချက်အရ နယ်စပ်ကုန်ရေးကဏ္ဍတွေမှာ ကုန်သွယ် ရေးတွေရပ်တန့်နေတာကြောင့် တရားမ၀င်ကုန်သွယ်မှုတွေ ပိုမိုများပြားလာတယ်လို့ ဆိုထားပါတယ်။
စီးပွားကူးသန်းဌာနက ထုတ်ပြန်ထားတဲ့ ယခင်၂၀၂၃-၂၀၂၄ ခုနှစ်ဘဏ္ဍာရေးနှစ်စာရင်းအင်းတွေအရ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှုတွင် ကုန်သွယ်မှုပမာဏက အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၇၅ သန်းရှိပြီး ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၀၃ သန်း ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
Photo – CJ
ပုံစာ – အိန္ဒိယ – မြန်မာ နယ်စပ်ဂိတ်တခုအား တွေ့ရစဉ်။

Related posts

Leave a Comment

VOM News

FREE
VIEW