ရေဘေး နှစ်ကြိမ်သင့်ခဲ့တဲ့ လယ်သမားတွေအတွက် ဘာအကူအညီတွေ လိုအပ်နေလဲ



စက်တင်ဘာ၂၈၊ ၂၀၂၄
Ms(VOM)

စပါးစိုက်ပျိုးသူ တောင်သူလယ်သမားတွေအနေနဲ့ ယခုနှစ် မိုးစပါးစိုက်ရာသီချိန်အတွင်း ရေကြီးရေလျှံတာတွေ နှစ်ကြိမ်တိုင်ကြုံတွေ့ကာ လယ်စိုက်ဧကတွေ ရေနစ်မြုပ်ပျက်စီးခဲ့တာကြောင့် ဆန်စပါးအသင်းချုပ် က အကူညီပေး ပေမယ့် အခက်ခဲတွေကြုံနေရ ပြီး အကူညီတွေပိုလိုအပ်တယ်လို့ ရေနစ်မြုပ်မှုနဲ့ကြုံတွေ့နေတဲ့ဒေသက လယ်သမားတွေထံကသိရပါတယ်။

ရာသီဥတုဘေးကြောင့် လယ်မြေစိုက်ပျိုးဧကတွေ ပျက်စီးသွားတဲ့ တောင်သူတွေအနေနဲ့ ယခုနှစ်အတွက် စပါးတွေ မရိတ်သိမ်းနိုင်တော့တဲ့အပြင် နောင်နှစ်မှာ ထပ်မံစိုက်ပျိုးဖို့ သိမ်းဆည်းထားတဲ့ မျိုးစပါးတွေလည်း ရေနဲ့မျောကာ တင်းရာချီဆုံးရှုံးတာတွေရှိသလို၊ ထပ်ပြီးစိုက်ပျိုးနိုင်ဖို့ အရင်းအနှီးကလည်း မရှိတော့တာကြောင့် လယ်သမားတွေ ဒုက္ခရောက်ကာ အခက်ခဲတွေကြုံနေရ ပြီး ရေဘေးပြန်လည်ထူထောင်ရေး မှာ စပါးစိုက်ပျိုးနိုင်အောင် သက်ဆိုင်ရာက ကူညီပေးစေလိုကြောင်းပြောဆိုမှုတွေ လည်းရှိနေပါတယ်။

” အခု ရွာတွေ ၊လယ်တွေ အတော်များများလည်းရေမြုပ်လို့ကုန်ပြီ ။ နောက်ထပ် ပြန်စိုက်ဖို့ထားတဲ့မျိုးစပါးတွေလည်း ရေနဲ့ပါကုန်တယ်။ လယ်ပြန်လုပ်ဖို့က အတော်လုပ်ယူရဦးမှာ ။ ပြန်လည်ထူထောင်ရေးလုပ်ရင်တော့ ကူညီလိုသူတွေ စပါးမျိုးတွေပါ ပံ့ပိုးပေးဖို့ စဉ်းစားစေချင်ပါတယ်။ “လို့ ရေနစ်မြုပ်ခဲ့တဲ့ မကွေးတိုင်းကဒေသခံ တောင်သူတယောက်က ပြောပါတယ်။

သက်ဆိုင်ရာစိုက်ပျိုးရေးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းတွေက မျိုးစေ့နဲ့သွင်းအားစု မြေသြဇာတွေကို အချို့လယ်သမားတွေ ထံ ပံ့ပိုးရာမှာ ဈေးလျော့ရောင်းပေးတာမျိုးရှိနေပေမယ့် လက်ရှိ ရေမြုပ်ဒေသက တောင်သူတွေ မှာ အရင်းအနှီးမရှိတော့တာတွေကြောင့် ကူညီထောက်ပံ့ရာမှာလည်း ဈေးလျော့ ရောင်းပေးတဲ့ အနေအထားထက်ပိုမိုတဲ့ ကူညီထောက်ပံ့မှုကို တောင်သူတွေအနေနဲ့ မျှော်လင့် နေကြတယ်လို့သိရပါတယ်။

နိုင်ငံတဝန်းက တောင်သူလယ်သမားတွေအနေနဲ့ အချို့ဒေသတွေမှာ သြဂုတ်လကလည်း လယ်စိုက်ခင်းတွေရေကြီးလို့နစ်မြုပ်တာတွေကြုံခဲ့ရသလို စက်တင်ဘာလ၉ရက်က စတဲ့ ရာဂီမုန်တိုင်း အကြွင်းအကျန် မိုးတွေသည်းထန်စွာ ရွာခဲ့လို့ ဖြစ်ပေါ်တဲ့ ရေကြီးရေလျှံမှုတွေကြောင့် လည်း နှစ်ကြိမ်တိုင် စပါးစိုက်ခင်းတွေ ရေဘေးသင့်ကာပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိအချိန်အထိလည်း တချို့ပြည်နယ်နဲ့တိုင်းတွေက မိုးစပါးစိုက်ဧကတွေ ရေနစ်မြုပ်နေဆဲဖြစ်ကာ ရေနစ်မြုပ်မှုကြာချိန်ကြောင့် စိုက်ခင်းတွေပျက်စီးသွားကုန်သလို အချို့စိုက်ခင်းများက မိုးစပါးရိတ်သိမ်းချိန် စက်တင်ဘာလနဲ့အောက်တိုဘာလတွေမှာ ရိတ်သိမ်းရမယ့် စိုက်ခင်းတွေဖြစ်တာကြောင့် ရေကြီးပျက်စီးကုန်တာက တောင်သူတွေ အခက်အခဲအတော်ဖြစ်ရတယ်လို့သိရပါတယ်။

” မိုးစပါးစိုက်ခင်းတွေက တချို့ဆို ရိတ်ရတော့မယ်။ သက်ငယ်စပါးတွေ ဆိုရင် ရိတ်ရတော့မယ်။ မုန်တိုင်းကြောင့် အကုန်လဲပြီး ပျက်စီးကုန်တယ်။ ဒီနှစ်ထဲ ခုတခါ နဲ့ဆို ရေကြီးလို့ စပါးခင်းတွေ ပျက်စီးတာ နှစ်ကြိမ်ရှိပြီ။ ခုနှစ်ကတော့ တောင်သူတွေ တော်တော်လေးကို ဒုက္ခရောက်ပြီး အ ဆင်မပြေတဲ့နှစ်ပါ” လို့ပဲခူးတိုင်း ၊သာယာဝတီခရိုင်ကဒေသခံ တောင်သူလယ်သမားတယောက်က ပြောပါတယ်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ဧရာဝတီတိုင်းတွေက မြို့နယ်ပေါင်း ၅၀ ကျော်မှာ ရေဘေးကြုံတွေ့တာတွေ ဖြစ်ပေါ်ခဲ့ရာ အဲဒီ့ဒေသတွေက လယ်ယာစိုက်ခင်းအတော်များများလည်းရေကြီးနစ်မြုပ်ကုန်တယ်လို့ဆိုပါတယ်။

နိုင်ငံတဝန်း ရေကြီးရေလျှံမှုတွေကြောင့် စပါးစိုက်ခင်းတွေ ထိခိုက်ပျက်စီးခဲ့ပေမယ့် ဆန်စပါးလက်ကျန် တန်ချိန် လေးသန်းလောက် ရှိနေတဲ့အတွက် ပြည်တွင်းစားသုံးမှုနဲ့ ပြည်ပတင်ပို့ဖို့ စိုးရိမ်စရာမရှိဘူး လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့တာဝန်ရှိသူက ပြောကြားထား ပြီး ထိခိုက်ပျက်စီးသွားတဲ့ စပါးစိုက်ခင်းတွေ နေရာမှာ စပါး အပါအဝင် အခြားသီးနှံတွေ ပြန်လည် စိုက်ပျိုးပေးနိုင်ဖို့ စီစဉ်နေသလို မျိုးစပါးနဲ့ ဓာတ်မြေသြဇာတွေကို ထောက်ပံ့ပေးနိုင်ဖို့ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း(အရှေ့ခြမ်း) တွေက ပျက်စီးလယ်မြေဧကတွေ ကို စာရင်းပြုစုနေတယ်လို့ လည်းသိရပါတယ်။

” ပြီးခဲ့တဲ့သြဂုတ်လ ကလည်း ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ ရှိတဲ့ပျက်စီးတဲ့လယ်မြေတွေအတွက် မြေသြဇာနဲ့မျိုးစပါးတွေ ထောက်ပံ့ပေးခဲ့တယ်။ အခုလည်း ရေကြီးတာကြောင့် ပျက်စီးမှုရှိတဲ့ တိုင်းနဲ့ပြည်နယ်အချို့က လယ်မြေတွေကို ထပ်ပြီးထောက်ပံ့ပေးနိုင်ဖို့စာရင်းပြုစုနေပါတယ်”လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောပါတယ်။

နိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ်မှုကြောင့် စပါးနဲ့ ယာသီးနှံမျိုးစုံ စိုက်ဧကပေါင်း ၇သိန်း၅ သောင်းကျော် ပျက်စီးခဲ့ပြီး၊ ကျွဲ၊ နွားတွေ အပါအဝင် တိရစ္ဆာန်မျိုးစုံ တသိန်း နှစ်သောင်းကျော် သေဆုံးခဲ့တယ်လို့ နစက သတင်းပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW