မြေပြို၊ တံတားကျိုးခဲ့တဲ့ ပင်လောင်း-နေပြည်တော်လမ်းမှာ အိမ်စီးကားနဲ့ ကုန်တင်ကားတွေ ဖြတ်လို့ရပြီ

အောက်တိုဘာ ၆-၂၀၂၄
ZY (VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ နေပြည်တော်တိုင်းဒေသကြီးကို ဆက်သွယ်ထားတဲ့ လမ်းမကြီးဟာ မြေပြို၊ တံတားကျိုးမှုကြောင့် တလနီးပါးပိတ်ဆို့နေခဲ့ရာကနေ ဒီကနေ့ အောက်တိုဘာလ ၅ ရက်မှာတော့ ပုံမှန်အတိုင်း ဖြတ်သန်းလာအသုံးပြုလို့ ရပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေ ထံကနေ သိရပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြို၊ တံတားကျိုး၊ ရေကြီးရေလျှံဖြစ်ကာ ပင်လောင်း-ပေါင်းလောင်း-ကင်းသာ-နေပြည်တော်လမ်းမကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ရက်ကတည်းက လမ်းပိတ်ဆို့နေခဲ့ရာ ဒေသခံတွေနဲ့ ရပ်နီးရပ်ဝေးအလှူရှင်တွေနဲ့ ဝိုင်းဝန်းပြုပြင်မှုကြောင့် အောက်တိုဘာလ ၃ရက်မှာတော့ ဆိုင်ကယ်တွေစတင်သွားလာလို့ ရပြီဖြစ်တယ်လို့ သိရပါတယ်။
“ဆိုင်ကယ်တွေကတော့ ၃ရက်နေ့ကတည်းက စသွားလို့ ရပြီ။ အိမ်စီးကားငယ်တွေနဲ့ ကုန်တင်ကားငယ် တွေကတော့ ဒီနေ့စသွားနေပါပြီ။ ကားကြီးတွေကတော့ မရသေးဘူး။ ပိတ်နေတာက တလနီးပါးရှိပြီ။ ဘယ်လမ်းကမှ သွားလာလို့ အဆင်မပြေဘူး။ လမ်း၊ တံတား အကုန် မိုးကြီးမြေပြိုမှုကြောင့် ပျက်စီးသွား ပါတယ်။အရမ်းခေါင်တဲ့အရပ်ဆိုတော့ အလှူရှင်လည်း သိပ်မရောက်ပါဘူး”လို့ ဒေသခံ ကိုထွန်းမြင့်ဦးက VOMကို ပြောပါတယ်။
အဲဒီလို လမ်းပိတ်ဆို့ခဲ့တာကြောင့် ပေါင်းလောင်းဒေသမှာ စားသောက်ကုန်စည်တွေအပြင် လူသုံးကုန်ပစ္စည်းတွေ၊ စက်သုံးဆီတွေ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပြီး ကုန်စျေးနှုန်းတွေဟာလည်း အရင်ကထက် စျေးနှုန်းအဆမတန်မြင့်တက်လာခဲ့တာကြောင့် အခုလိုလမ်းပြန်ပွင့်သွားတာ ကုန်ဈေးနှုန်းမြင့်တက်တာကို အနည်းနဲ့ အများတော့ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားကြောင်း သူက ဆက်ပြောပါတယ်။
ဒါပေမယ့် အဲဒီဒေသမှာ မြေပြို၊ တံတားကျိုး၊ ရေကြီးရေလျှံဖြစ်ပွားတာကြောင့် နေအိမ်အဆောက်အအုံတွေ၊ ဘာသာရေး၊ ကျန်းမာရေး၊ စာသင်ကျောင်းစတဲ့ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှုတွေနဲ့ လူထိခိုက် ဒဏ်ရာရရှိမှုတွေ ဖြစ်ပွားခဲ့ပေမယ့် ဖုန်းလိုင်း၊ အင်တာနက်လိုင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ဒီကနေ့အထိ ကူညီထောက်ပံ့မှုတွေ မရရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ရက်ကနေ ဒီကနေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလော၊ ညောင်ရွှေ၊ ပင်လောင်း၊ ပေါင်းလောင်း၊ ရွာငံ၊ ဟိုပုံး၊ လွိုင်လင်၊ နမ့်စန်စတဲ့ ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့သလို လက်ရှိအချိန်ထိ ကူညီထောက်ပံ့မှုတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-KSO

Related posts

Leave a Comment

VOM News

FREE
VIEW