အောက်တိုဘာ ၁၄ – ၂၀၂၄
SS (VOM)
လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေအရ သန်းခေါင်စာရင်း ကောက်ယူမယ့်ရက်ကို သတ်မှတ်ရက်ထက် တိုးမြှင့်သွားဖို့ ရှိနေတယ်လို့ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီနဲ့ နီးစပ်နီးစပ်သူ တယောက်က VOM ကိုပြောပါတယ်။
သန်းခေါင်စာရင်း ကောက်ယူမယ့် ရက်ကို အခု အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်ပေမယ့် လတ်တလော ပဋိပက္ခဖြစ်စဉ်တွေနဲ့ နယ်မြေ အခြေအနေတွေကြောင့် သတ်မှတ်ရက်ထက် ကျော်လွန်ပြီး တိုးမြှင့်ကောက်ယူဖို့ လိုအပ်ပါက သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီတွေအလိုက် ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
“လိုအပ်ရင် ရက်ထပ်တိုးသွားဖို့ ရှိနေတယ်။ လောလောဆယ် အခြေအနေအရ တချို့နေရာတွေက လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အတွက် သွားလို့လာလို့ အဆင်မပြေဘူး ဖြစ်နေတယ်။ တချို့နေရာတွေမှာကျတော့ လုံခြုံရေးပိုင်း အားနည်းတာရှိတယ်။ အဲဒါကြောင့် လိုအပ်ရင် လိုအပ်သလို ရက်ထပ်တိုးသွားဖို့ ရှိနေတယ်” လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
သန်းခေါင်စာရင်း ကောက်ယူမှုကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်၊ ညသန်းခေါင်ယံအချိန်က စတင် ဆောင်ရွက်နေပြီး အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခု ကို တအိမ်တက်ဆင်းစနစ်နဲ့ မေးမြန်းကောက်ယူနေတယ်လို့ နစက က သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ သန်းခေါင်စာရင်း ကောက်ယူမှုကို စာရင်းကောက်ကွက်ပေါင်း တသိန်းကျော် လျာထား ဆောင်ရွက်နေပြီး စာရင်းစစ်၊ စာရင်းကောက် လူဦးရေ စုစုပေါင်း လေးသောင်းနှစ်ထောင်နဲ့ ကောက်ယူနေခြင်းဖြစ်ကာ အများစုမှာ ပညာရေး ဝန်ထမ်းတွေဖြစ်တဲ့ ဆရာ၊ ဆရာမတွေနဲ့ ကောက်ယူနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“လက်ရှိမှာ နစကအနေနဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူနေတယ်ပေါ့။ ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ ဒီ စာရင်းကောက်ယူမှုက စိန်ခေါ်မှုတွေအများကြီး ရှိနေတယ်။ ၁၅ ရက်အတွင်း တနိုင်ငံလုံး အပြည့်အဝ ကောက်ယူနိုင်ဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတယ်။ မြို့နယ် ၁၀၀ နီးပါးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်။ ကျန်တဲ့ မြို့နယ်တဝက်လောက်မှာက အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်နေကြတယ်ဆိုတော့ စဉ်းစားသာကြည့်တော့။ ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုတာ” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ လက်ရှိမှာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းတွေကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် စတဲ့ ဒေသတွေက မြို့နယ်တချို့မှာ ဆောင်ရွက်နေပြီး လက်ရှိအချိန်အထိ သန်းခေါင်စာရင်းကောက်ယူမှု ရာခိုင်နှုန်း စုစုပေါင်း ထက်ဝက်ကျော်ခန့် ပြီးစီးနေပြီဖြစ်တယ်လို့ သိရပါတယ်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံမှာ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တို့မှာ ဆောင်ရွက်နိုင်ခဲ့ပြီး သမိုင်းတလျှောက် စတုတ္ထအကြိမ်မြောက်အဖြစ် အခု ၂၀၂၄ ခုနှစ်မှာ ကောက်ယူနေခြင်းဖြစ်ပါတယ်။
Photo:CJ
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...