အဝေးပြေးကားခတွေ ဈေးပြန်မကျသေး

ဧပြီ ၂၀ – ၂၀၂၆
SS (VOM)
စက်သုံးဆီဆိုင်တွေမှာ တန်းစီဝယ်ယူရမှုတွေ လျော့နည်းသွားပေမယ့် စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်း၊ လောင်စာဆီ ရှားပါးမှုနဲ့ သင်္ကြန်ကာလ အဝယ်လိုက်ခြင်းတို့ကြောင့် အဝေးပြေး ကားလက်မှတ်ခတွေ ဈေးပြန်မကျသေးဘူးလို့ ကားလက်မှတ် ရောင်းချသူတွေက ပြောပါတယ်။
အဝေးပြေး ကားလက်မှတ်ခတွေမှာ ပုံမှန်ထက် နှစ်ဆကျော် မြင့်တက်နေပြီး ရန်ကုန် – မန္တလေး ရိုးရိုးကားခမှာ လေးသောင်းရှစ်ထောင်ကျပ်၊ အထူးကားခတွေကတော့ ကျပ် ခြောက်သောင်းခွဲ ဝန်းကျင်၊ ရန်ကုန် – ပခုက္ကူ ကျပ် ငါးသောင်းကနေ ကျပ် ခုနစ်သောင်းဝန်းကျင်အထိ၊ အချို့ယာဉ်လိုင်းတွေကတော့ ကျပ် တသိန်းနီးပါးအထိ ရှိနေတယ်လို့ သိရပြီး ကားဂိတ်တွေမှာ နေ့ချင်းပြန်ဈေးသာ ရောင်းချပေးနေကာ ဆီဈေးပေါ်မူတည်ပြီး ခရီးစဉ်အလိုက် ဈေးနှုန်းတွေ အချိန်နဲ့အမျှ ပြောင်းလဲနေတယ်လို့ သိရပါတယ်။
“ဆီက တန်းမစီရတာမှန်တယ်။ ဒါပေမယ့် ဈေးကြီးပြီး ဝယ်ရခက်နေတုန်းပဲလေ။ နောက်တခု ဆီဆိုင်တွေမှာက ရှိသမျှပန့်အကုန် မဖွင့်ဘူး။ မှောင်ခိုဈေးကွက်က အလုပ်ဖြစ်နေတုန်းပဲ။ ဓာတ်ဆီ တပီပါဈေးဆို ကျပ် ၂၄ သိန်းကနေ ၃၆ သိန်းလောက်အထိ ရှိနေတယ်။ ဒီဇယ်ဈေးဆို တပီပါကို ကျပ် ၂၀ သိန်းကနေ ၂၅ သိန်းလောက်အထိ ပေါက်စျေးရှိနေတယ်” လို့ အဝေးပြေး ယာဉ်လိုင်းတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ စက်သုံးဆီဈေးကွက်အတွင်း ဓာတ်ဆီ ရည်ညွှန်းဈေး ၄၇၃၅ ကျပ် ဖြစ်ပေမယ့် မှောင်ခိုဈေးကွက်အတွင်း ဓာတ်ဆီ တလီတာဈေး ကျပ် တသောင်းနှစ်ထောင်မှ တသောင်းခွဲအထိ ရှိနေပြီး ဒီဇယ်ဈေးကတော့ ရည်ညွှန်းဈေး တလီတာ ၆၄၈၅ ကျပ်၊ မှောင်ခိုဈေး ကျပ် တသောင်းသုံးထောင်ကနေ ကျပ် တသောင်းခွဲဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
ဆီဆိုင်မှာ တန်းစီရမှု လျော့နည်းပေမယ့်လည်း စုံ/မ စနစ်ကြောင့် ယာဉ်လိုင်းတွေအတွက် လိုအပ်တဲ့ ဆီပမာဏကို အချိန်မီဝယ်ယူဖို့ ခက်ခဲနေဆဲ ဖြစ်တဲ့အတွက် ယာဉ်လိုင်းတချို့ဟာ စက်သုံးဆီကို ပြင်ပကနေ ဈေးကြီးပေးပြီး ဝယ်ယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
“အဝေးပြေးကားခ ဈေးတက်တာက ယာဉ်အပိုပစ္စည်းနဲ့ ပြုပြင် ထိန်းသိမ်းစရိတ်တွေ ဈေးတက်လာတာလည်း ပါတယ်။ အခုက စက်သုံးဆီတင် ဈေးတက်နေတာ မဟုတ်ဘူးလေ။ ကုန်ဈေးနှုန်းက အစစအရာရာ ဈေးကြီးနေတာ။ စက်သုံးဆီဈေးနဲ့ ကုန်ကျစရိတ်တွေ ဆက်ပြီး ဈေးကြီးနေသရွေ့ ကားလက်မှတ်ခတွေက ပြန်ကျဖို့ ခက်နိုင်တယ်” လို့ အဝေးပြေးယာဉ်လိုင်းမှ ယာဉ်မောင်းတယောက်က ပြောပါတယ်။
ဒါအပြင် အဝေးပြေး ယာဉ်လိုင်းတွေအနေနဲ့ အရင်နှစ်တွေက သင်္ကြန်အကြိုကာလ အိမ်ပြန်သူတွေများလာပါက ယာဉ်အစီးရေ တိုးချဲ့ ပြေးဆွဲရတာမျိုးတွေ ရှိခဲ့ပေမယ့် အခု ၂၀၂၆ ခုနှစ်မှာတော့ စက်သုံးဆီ ရှားပါးမှုကြောင့် ယာဉ်လိုင်းတချို့ ကားတွေ ပြေးဆွဲနိုင်ခြင်းမရှိဘဲ ခရီးစဉ်တွေကို လျှော့ချထားရတယ်လို့ သိရပါတယ်။
လက်ရှိမှာ စက်သုံးဆီ အခက်အခဲကြောင့် ရန်ကုန် – ဟင်္သာတ – ညောင်ကျိုး ခေါက်တို ပြေးဆွဲနေတဲ့ ကားခတွေပါ ဈေးမြင့်တက်နေတာဖြစ်ပြီး အရင် လူတယောက်စာကားခ ကျပ် သုံးသောင်းခွဲသာ ရှိခဲ့‌တာဖြစ်ပေမယ့် လက်ရှိမှာတော့ ကျပ် ခုနစ်သောင်းခွဲကနေ ကျပ် တသိန်းအထိ ပေါက်ဈေးရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW