ဖားကန့် – ကားမိုင်းလမ်းကို ရက်အကန့်အသတ်မရှိ KIAက ပိတ်ပေမယ့် ကားတွေသွားလာနေဆဲ

ဧပြီ ၂၂ ၊ ၂၀၂၆
CC (VOM)
အစိုးရတပ်တွေဟာ ဖားကန့်ဒေသကို ဖားကန့် – ကားမိုင်းလမ်းကနေ အဓိက ဝင်ရောက်ပြီး အင်အားဖြည့်တင်းနေတဲ့ အတွက် ဖားကန့် – နန့်ယား – ကားမိုင်းလမ်းကို ဒီနေ့ ဧပြီ ၂၂ ရက်ကစပြီး ရက်အကန့်အသတ်မရှိသွားလာခွင့် ပိတ်လိုက်ကြောင်း KIA တပ်ရင်း ၆ က မနေ့က သတိပေး ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ အစိုးရတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်အဖွဲ့တွေပေါင်းပြီး အင်အားအများအပြားနဲ့ ဖားကန့်ဒေသကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းခြင်းကို လုပ်ဆောင်နေတဲ့အတွက် KIA ပူးပေါင်းတပ်တွေဟာ တပ်ဆုတ်နေရတယ်လို့ သိရပါတယ်။
ဖားကန့် – နန့်ယား – ကားမိုင်းလမ်းကို အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်ကြောင်း စာထုတ်သတိပေးခဲ့တယ်ပေမယ့် ကားတွေကတော့ သွားလာမှုရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။
” အဲဒီလမ်းက တပ်က သိမ်းထားတာကြာပြီ။ အဲဒါကို တောဘက်အဖွဲ့က စာထုတ်ပြီး လမ်းပိတ်ကြောင်းထုတ် တားနေတာ ။ တပ်က အဲဒီလမ်းကနေ အင်အားအလုံးအရင်းနဲ့ ဖားကန့်ကို ဝင်နေတာဆိုတော့ လမ်းကို ပိတ်တဲ့သဘောပေါ့။ အခုတောင် လုံးခင်းအုပ်စု ပြန်ပါသွားပြီ။ သူတို့ကတော့ တိုက်ရင် ပြည်သူထိမှာ ဘာညာဆိုပြီး လမ်းပိတ်စာထုတ်တာတဲ့။ လမ်းပိတ်မှ ပြည်သူကထိမှာ ကုန်စျေးနူန်းက တက်ချင်နေတာ ။ လမ်းကောင်းတာ ဒီလမ်းပဲရှိတယ်။ အရင်ပိတ်တုန်းက ဝှေခါဘက်ကသွားရတာ။ လမ်းလည်းမကောင်းဘူး ။ ” လို့ ဖားကန့်ဒေသခံက ပြောပါတယ်။
ဖားကန့် – နန့်ယား – ကားမိုင်း လမ်းကတော့ ပြီးခဲတဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လလောက်မှာ တပ်ကပြန်ထိန်းချုပ်ပြီး လမ်းပိုင်းဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပြီး အဲဒီမတိုင်ခင် လမ်းပိုင်းပိတ်ထားစဥ်က ဖားကန့်ဒေသမှာ ဆန် ဆီ၊ အခြေခံစားသောက်ကုန်ပစ္စည်းအပါအဝင် ကုန်စျေးနူန်းတွေ အဆမတန်မြင့်တက်မှုရှိခဲ့ပါတယ်။
အဲဒါကြောင့် ဒေသခံတွေကတော့ ဖားကန့် – ကားမိုင်းလမ်းပိတ်မှာကို မလိုလားကြတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ် ။
လက်ရှိမှာ အစိုးရတပ်က လုံးခင်းရွာ ၊ အောင်ရာရွာအထိ ထိန်းချုပ်ထားပြီး မနေ့က ဧပြီ ၂၁ ရက်နေ့ ညနေပိုင်းမှာ Mai မိုင်ဆေးရုံအနီးမှာ အစိုးရတပ်နဲ့ လက်နက်ကိုင်အဖွဲ့ အကြား ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Mai မိုင်ဆေးရုံအနီးမှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ညပိုင်းမှာတော့ ဆေးရုံရှိ ဆရာဝန်အပါအဝင် လူအားလုံးနီးပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ခေါ်ယူစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ဒေသခံဆီက စုံစမ်း သိရှိရပါတယ် ။
” အောင်ရာရွာက တပ်ထိန်းချုပ်ထားတာ။ မနေ့က ပစ်ခတ်မှု ဖြစ်တော့မှ တပ်​က အဲဒီဆေးရုံက ဆရာဝန်ရော လူနာတွေပါ အကုန် စစ်ဆေးဖို့ခေါ်သွားတာ ။ သူနာပြုတယောက်ပဲ ထားခဲ့တယ်သိရတယ်။ ဆေးရုံလုပ်ငန်းလည်ပတ်မှုအရဆိုရင် လူ ၂၀ လောက်အနည်းဆုံးရှိနိုင်တယ်။ ခုထိတော့ ပြန်လွှတ်ပေးတာ မကြားမိသေးဘူး ။ အဲဒီမိုင်ဆေးရုံက KIA ကလူကြီးတွေနဲ့လည်း ဆက်စပ်နေတယ်။ အရင်က လုံးခင်းအုပ်စုက KIA ထိန်းချုပ်တာ။ ခုနောက်ပိုင်း အင်အားအလုံးအရင်းနဲ့ ဝင်လာပြီး တိုက်တော့ တပ်က ပြန်ရသွားတာ ။ ဘာမှကို သိပ်မတိုက်လိုက်ရဘူး ။ ” လို့ ဖားကန့် ဒေသခံက ပြောပါတယ်။
အဆိုပါ မိုင်ဆေးရုံဟာ အထွေထွေရောဂါကုဆေးခန်းတခုဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တွေ ဆေးဝါးကုသလေ့ရှိတဲ့ ဆေးရုံ ဖြစ်တယ်လို့ ​ဒေသခံ​တွေအ​ပြောအရ သိရပါတယ် ။
လက်ရှိမှာတော့ ဖားကန့်ဒေသမှာ တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိဘဲ အပစ်ခတ်ငြိမ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Cj ပုံဟောင်း ( ဖားကန့် – ကားမိုင်းလမ်း)

Related posts

Leave a Comment

VOM News

FREE
VIEW