တန့်ဆည်မြို့ ကံထူးမရဲစခန်းအနီး ဒီ​နေ့တရက်တည်း နာရီပိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှု ရှစ်ကြိမ်ဖြစ်

ဧပြီ ၂၁ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ အနောက်မြောက်ဘက်ခြမ်းက ဒေသတွင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ရာ ကံထူးမရဲစခန်းအနီးမှာ ဒီကနေ့ ဧပြီ ၂၁ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံထူးမကျေးရွာ နယ်မြေရဲစခန်းအနီးရှိ ဈေးတန်းမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှ စတင်ကာ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်ဝန်းကျင်အထိ လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ် ဖြစ်ပွားခဲ့တာလို့ သိရပြီး ကနဦး သတင်းတွေအရ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင် ငါးယောက် အပါအဝင် ခြောက်ယောက် ဒဏ်ရာရရှိထားကာ ဆီဘောက်ဆာကားတွေ၊ ဆိုင်ကယ်တွေနဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဝင် ငါးယောက် ထိတာမှာ တယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်။ ဆိုင်ကယ် အရောင်းဆိုင်ပေါ်ကျလို့ ဆိုင်ကယ်တွေလည်း တော်တော်များများ ပျက်စီးသွားတယ်။ တခြား ဆိုင်ခန်းတွေလည်း ပျက်စီးသွားတယ်။ ဆီဘောက်ဆာကားကတော့ လေးစီးလောက် ပျက်စီးတယ်။ အခုအချိန်အထိ ကားတွေ မီးလောင်နေတုန်းပဲ။ လူအသေအပျောက်ကတော့ ကျွန်တော်တို့လည်း အတိအကျ မသိရသေးဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ကံထူးမကျေးရွာဟာ ရေဦး – ကလေးဝလမ်းပိုင်းမှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး အချက်အချာကျတဲ့ ရွာတရွာဖြစ်ကာ လေကြောင်း တိုက်ခိုက်မှုတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ကံထူးမရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ရှစ်ယောက် သေဆုံးခဲ့ကာ ၁၂ ယောက် ဒဏ်ရာရခဲ့ပြီး ဆီဘောက်ဆာကားတွေလည်း မီးလောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကံထူးမရဲစခန်း အပါအဝင် တန့်ဆည်မြို့နယ်အတွင်းက အစိုးရတပ်တပ် စခန်းတွေကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ တိုက်ခိုက် ထိန်းချုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အပြည့်အဝ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို အစိုးရတပ်က ပြန်လည် သိမ်းပိုက်ဖို့ ပြင်ဆင်နေတဲ့အတွက် မြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားနိုင်တယ်လို့ အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီကနေ့ ဧပြီ ၂၁ ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အင်းတော်မြို့နယ်မှာ စစ်ရေး ဖော်ဆောင်ဖို့အတွက် အစိုးရတပ်က အင်အား ပြင်ဆင်နေပြီး လာမယ့် ရက်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေးလုပ်မယ့် သတင်းတွေ ထွက်ပေါ်နေတယ်လို့ Indaw Revolution ကလည်း အသိပေးထားပါတယ်။
နယ်မြေရှင်းလင်းရေး ပြုလုပ်တဲ့အချိန်မှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်ပြီး မြေပြင် စစ်ကြောင်းတွေအပြင် လေကြောင်းကနေပါ အပြင်းအထန် တိုက်ခိုက်လာနိုင်တယ်လို့ သိရပါတယ်။
“လာမယ့် ဧပြီ ၂၅ ရက်နေ့၊ အင်းတော်ကိုဝင်မယ်လို့ သတင်းတွေ ထွက်နေတာပါ။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေအနေနဲ့ သတိလေးတော့ ထားရမှာပေါ့။ တကယ်လို့ တိုက်ပွဲ ဖြစ်လာခဲ့ရင် ဒီပွဲမှာရော ဒေသတွင်း လက်နက်ကိုင် တပ်တွေဘက်က နယ်မြေ ဘယ်လောက်ထိန်းနိုင်မလဲ စောင့်ကြည့်ရဦးမှာပေါ့” လို့ ဒေသတွင်း သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
လာမယ့်ရက်ပိုင်းအတွင်း တိုက်ပွဲ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကြောင့် ဒေသခံတွေအနေနဲ့ အရေးပေါ်ဆေးဝါး၊ ရိက္ခာနဲ့ လိုအပ်တဲ့ အရေးကြီးပစ္စည်းတွေကို ကြိုတင်ထုတ်ပိုး ပြင်ဆင်ထားသင့်သလို၊ လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာပါက အကာအကွယ်ရနိုင်မယ့် ပုန်းခိုကျင်းတွေကိုလည်း အချိန်မီ ပြင်ဆင်ထားသင့်တယ်လို့ လက်နက်ကိုင်တပ်တွေက သတိပေး တိုက်တွန်းထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW