ZY(VOM)
နိုဝင်ဘာ ၆၊ ၂၀၂၄
ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော် ကျင်းပပြုလုပ်မယ့်ရက်တွေကို ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကို ဘိုကင်ကြိုတင်ယူထားပြီးနောက် တန်ဆောင်တိုင် လာမယ့် ဧည့်သည်တွေကို ဈေးတင်ကာ ပြန်လည်ငှားရမ်းမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေ ထံကနေ သိရပါတယ်။
တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်ကို လာမယ့် နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလ ၈ရက်ကနေ ၁၆ရက်အထိ မြို့တွင်းရှိ ဟိုတယ်၊ မိုတယ်အားလုံး ဘိုကင်ပြည့်နေပြီဖြစ်တယ်လို့ ဟိုတယ်ဝန်ထမ်းတွေထံကနေ သိရပါတယ်။
အဲဒီဘိုကင်အများစုတွေကို လူတစုက ပြီးခဲ့တဲ့ အောက်တိုဘာလ၊ နောက်ဆုံးပါတ်မတိုင်ခင်ကတည်းက ကြိုတင်မှာယူထားတာဖြစ်ပြီး တောင်ကြီးနဲ့ပါတ်သက်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေ၊ ခရီးသွားဝန်ဆောင်မှုနဲ့ ပါတ်သက်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဈေးတင်ကာ ပြန်လည်ငှားရမ်းမှုတွေကို ရှိနေတယ်လို့ သိရပါတယ်။
“ဟိုတယ်က နှစ်ယောက်ခန်းဆိုရင် လေးသောင်း၊ လေးသောင်းခွဲဝန်းကျင်ပဲရှိတာပါ။ အဲဒါကို တရက်ကိုခြောက်သောင်း ဝန်းကျင်နဲ့ ပြန်ငှားနေကြတယ်။ ဝန်ဆောင်ခဆိုပြီးတော့လည်း သီးသန့်ထပ်တောင်းတယ်။ အကျိုးအကြောင်း သိချင်လို့ ဖုန်းဆက်မေးကြည့်တော့ သူတို့က ဟိုတယ်မှာ ကြိုတင်ဘိုကင်ယူထားတာတဲ့။ တည်းဖြစ်တယ်ဆိုရင် ဟိုတယ်ကို သူတို့လိုက်ပို့မယ်၊ ပိုက်ဆံကတော့ သူတို့ကို ရှင်းရမယ်၊ ဟိုတယ်ကိုတော့ သူတို့ရှင်းလိုက်မယ်၊ ဝန်ဆောင်ခတော့ ပေးရမယ်ပြောတယ်။ ဟိုတယ်မှာ သီးသန့်ထပ်မှာတယ်ဆိုရင်တော့ ကိုယ့်ဟာကိုယ်ထပ်ရှင်းပေါ့”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ မီးပုံးပျံ ညမီးကြီးယမ်းမီး ၂၆ လုံး၊ စိန်နားပန် မီးပုံးပျံ ၂၄ လုံး၊ နေ့လွှတ်ခြေနှစ်ချောင်း ၁၄၇ လုံး၊ ခြေလေးချောင်း ၃၈ လုံး၊ အရုပ်အုပ်စု ၂၃ လုံး၊ စုစုပေါင်း ၂၅၈လုံး ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တဲ့အတွက် မီးပုံးပျံဝါသနာရှင်တွေအနေနဲ့ လာရောက်ကြည့်ရှုလည်ပတ်နိုင်တယ်လို့ သိရပါတယ်။
“ဒေသခံတွေက ဒီကမဟုတ်တဲ့သူတွေပဲ လာကြတာများတယ်။ မနှစ်ကလည်း ဒီအတိုင်းပဲ။ ပြီးရင် မင်းတို့တောင်ကြီးက ဘောမမြို့၊ ဘာညာဆိုပြီး တောင်ကြီးသားတွေပဲ အဆဲခံရတာ။ ဒီကရှိတဲ့ ဝန်ထမ်းတွေက နားချိန်တောင် ကောင်းကောင်းမရဘူး။ နေ့ကော၊ ညကော ဂျူတီစောင့်ရတော့ ပင်ပန်းလို့ ငြီးငြူကုန်ကြပြီ။ ဒါကို တန်ဆောင်တိုင်လုံခြုံရေးပါ ယူခိုင်းတော့ တော်တော်လေးဒေါသထွက်နေကြတာ”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၉ရက်၊ နေ့ပိုင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၅ရက်၊ ညပိုင်းမှာ ကျင်းပသွားမှာဖြစ်သလို အဲဒီဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွေကို နည်းပညာအသစ်အဆန်းတွေ ထည့်သွင်းအသုံးပြုသွားမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဓာတ်ပုံ-LOCAL