လိုက်မမီနိုင်တဲ့ ကုန်ဈေးနှုန်း



SN (VOM)

လက်ရှိ မြန်မာနိုင်ငံရဲ့ ကဏ္ဍအသီးသီးဟာ အကျဘက်ကို ရောက်ရှိနေတာပါ။ ဒါပေမယ့် ရှားရှားပါးပါး အတက်ဘက်ကိုသွားနေတဲ့ အရာတခုတော့ ရှိပါတယ်။ အဲဒါကတော့ ကုန်ဈေးနှုန်းပါ။

ရွှေဈေး၊ ဒေါ်လာဈေးတွေနဲ့အတူ ကုန်ဈေးနှုန်းတွေကလည်း မိုးပျံလို့နေတာပါ။ နိုင်ငံရေး အပြောင်းအလဲကာလ သုံးနှစ်ကျော်အတွင်းမှာတင် ကုန်ဈေးနှုန်းက သုံးဆကျော်တက်ခဲ့ပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က အကြီးတန်းအရာရှိတယောက်ရဲ့ အခု ၂၀၂၄ နှစ်၊ မေလ ပထမပတ်အတွင်းက သတိပေးချက်အရ စားနပ်ရိက္ခာ မလုံလောက်တဲ့ ကမ္ဘာပေါ်က အဆိုးရွားဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်လို့နေပါတယ်။ အဲဒီသတိပေးချက်ကို အခုအချိန်အထိ ဆက်တိုက် တက်လာနေတဲ့ အခြေခံစားကုန် ဈေးနှုန်းတွေက သက်သေပြနေတာပါ။

နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် ၂၀၂၀ ခုနှစ်က ဆန်ကြမ်း တပြည်ကို ၁၅၀၀ ကျပ်သာ ရှိခဲ့တာပါ။ လက်ရှိမှာတော့ ကျပ် ၅၀၀၀ ဝန်းကျင်အထိ မြင့်တက်လာခဲ့ပါပြီ။ စားသုံးဆီဈေး တဆယ်သားကို ကျပ် ၆၀၀ ကျော်ပေးပြီး ဆီစာအုပ်နဲ့ ဈေးသက်သာစွာ ဝယ်နိုင်ဖို့ကိုတောင် လိုသလောက် ဝယ်မရတဲ့အတွက် ပြင်ပပေါက်ဈေးနဲ့ တဆယ်သား ကျပ် ၁၂၀၀ အထိပေးပြီး ဝယ်သုံးနေကြရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက အခြေခံ လုပ်သားတယောက်ရဲ့ အနည်းဆုံး လုပ်ခလစာအပေါ် ထောက်ပံ့ငွေ ၁၀၀၀ ထပ်တိုးပေးဖို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားခဲ့ပါတယ်။ အဲဒီ ကျပ် ၁၀၀၀ ဆိုတဲ့ ပမာဏဟာ လက်ရှိ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ချိန်ထိုးကြည့်ရင် ဆိတ်ပါးစပ် နှမ်းပက်သလောက်တောင် ရှိမနေပါဘူး။

ရေခံမြေခံကောင်းတဲ့ နိုင်ငံတနိုင်ငံရဲ့ လမ်းဘေးမှာ အလွယ်တကူ ပေါက်လေ့ရှိတဲ့ ကန်စွန်းရွက် တစီးကိုတောင် ကျပ် ၅၀၀ ကျော် ပေးဝယ်နေရပြီး ကြက်ဥ တလုံး ကျပ် ၄၀၀ ကျော်၊ ဘဲဥ တလုံး ကျပ် ၇၀၀ ထပ်ဆောင်းဝယ်ရင် တရက်စာ ကြက်ဥနဲ့ ကန်စွန်းရွက်တောင် နပ်မမှန်နိုင်ပါဘူး။

ကုန်ဈေးနှုန်းတွေ ပြန်မကျတာက နိုင်ငံရဲ့ အဓိက ကဏ္ဍကြီး သုံးခုဖြစ်တဲ့ လယ်ယာ၊ သားငါး ထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု ကဏ္ဍတွေအပြင် တိုင်းပြည်ရဲ့ အသားတင်ထုတ်လုပ်မှု တန်ဖိုး GDP ကျဆင်းလာကြောင့်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ ဒါအပြင် တိုင်းပြည်ရဲ့ ဘဏ္ဍာရေးကဏ္ဍ လိုအပ်ချက်အတွက် ငွေစက္ကူတွေကို အလွယ်တကူ ရိုက်နှိပ်ဖြေရှင်းခြင်းရဲ့ အကျိုးဆက်လို့လည်း ပညာရှင်တွေက သုံးသပ်ပါတယ်။

“နိုင်ငံရေးအပြောင်းအလဲ ကာလမှာ ကျပ်နှစ်သောင်းတန် အပါအဝင် ငွေစက္ကူသစ်တွေ အများအပြား ရိုက်ထုတ်တာတွေကြောင့်၊ ဒါတွေက အဓိက အကြောင်းရင်းပေါ့။ ဒါအပြင် စစ်ရေး၊ နိုင်ငံရေးနဲ့ သဘာ၀ဘေးတွေကြောင့် စိုက်ပျိုးရေးထွက်ကုန်နဲ့ စားသောက်ကုန် ထွက်ရှိမှုပမာဏတွေလည်း လျော့နည်းကုန်တယ်။ ဒီအချက်တွေက ဈေးကွက်ထဲရောက်ရှိပြီးသား အခြေခံစားကုန်တွေ ဈေးပြန်မကျနိုင်တဲ့ အကြောင်းရင်းတွေလည်း ဖြစ်တယ်” လို့ စီးပွားရေး လေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။

လက်ရှိ နိုင်ငံတဝန်း စစ်မက်ဇုန်ကျယ်ပြန့်နေတဲ့ ကာလမှာ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အစွန်အဖျား ဒေသတွေမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ဒေသခံတွေ အလူးအလဲ ခံနေကြရပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုမှစလို့ ကယား၊ မွန်၊ ဧရာဝတီတိုင်းအပြင် အနောက်ဘက်အကျဆုံး ရခိုင်ပြည်နယ်အထိ ပါဝင်နေပါတယ်။

တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်နေတဲ့ ပူတာအိုမှာ အခြေခံ စားကုန် ဆန်ဈေးနှုန်းလျှင်ပင် ဆန် ရှစ်ပြည်ကို ကျပ် တသိန်းခွဲလောက် ပေးဝယ်နေရတာပါ။ မြို့ပြဒေသမှာ မြင့်တက်နေတဲ့ ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင်တောင် သုံးဆလောက် ထပ်တိုး မြင့်တက်နေတဲ့ အနေအထားဖြစ်ပါတယ်။ အဲဒီလိုပဲ ရခိုင်ပြည်နယ်မှာလည်း အခြေခံစားကုန်ဈေးနှုန်းက အရင်ထက် အမြင့်ဆုံး ငါးဆကနေ ခြောက်ဆလောက်အထိ မြင့်တက်လျက်ရှိနေတာပါ။

အဲဒီဒေသတွေမှာ စစ်ပွဲတွေကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရှားပါးနေပါတယ်။ ပြည်သူကို ပြည်သူက ကူညီမှုတွေနဲ့သာ အသက်ဆက်နေကြရတာပါ။ စစ်မက်ကာလ ကြာလာတာနဲ့အမျှ တိုက်ပွဲဇုန်ဟာလည်း ပိုမိုကျယ်ပြန့်လို့လာနေပါတယ်။ ပြည်သူတွေလည်း ပမ်းလှပြီဖြစ်သလို အကူအညီတွေလည်း တဖြည်းဖြည်း လျော့နည်းလာနေပါပြီ။

ကမ္ဘာ့ဘဏ်ရဲ့တွက်ချက်အမှုအရ ၂၀၂၂ ခုနှစ်၊ ဇွန်လကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ ၁၂ လတာကာလအတွင်း မြန်မာနိုင်ငံရဲ့ စားသုံးကုန်ပစ္စည်းတန်ဖိုးဟာ ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လူတဦးချင်စီရဲ့ ဝင်ငွေကတော့ တိုးမလာဘဲ ပိုမိုလျော့ကျသွားတဲ့အပြင် အလုပ်အကိုင် ရှားပါးပြီး အလုပ်လက်မဲ့နှုန်းလည်း တိုးလာခဲ့ပါတယ်။ အလုပ်လက်မဲ့နှုန်းက နိုင်ငံရေးအပြောင်းအလဲ ကာလအတွင်း သုံးဆလောက်တက်လာခဲ့တယ်လို့ နိုင်ငံတကာ စီးပွားရေးအညွှန်းကိန်းတွေ ထုတ်ပြန်လေ့ရှိတဲ့ Trading Economics အဖွဲ့က သုံးသပ်ထားပါတယ်။

နိုင်ငံရေး အပြောင်းအလဲကာလအတွင်းမှာ မြန်မာကျပ်ငွေ အဆမတန် ဖောင်းပွလာမှုကလည်း ဝင်ငွေမတိုးတဲ့ ပြည်သူတွေကို အထိနာစေပါတယ်။ ၂၀၂၁ ခုနှစ် မတိုင်မီက အမေရိကန် တဒေါ်လာဈေးဟာ ၁၃၀၀ ကျပ်သာရှိခဲ့တာပါ။ နိုင်ငံရေး အပြောင်းအလဲကာလ သုံးနှစ်မြောက်မှာတော့ ကျပ် ၆၀၀၀ နီးပါးအထိ စံချိန်တင် ကျပ်ငွေတန်ဖိုး ကျသွားခဲ့ပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုရေးအစီအစဉ် (UNDP) ရဲ့ အခု ၂၀၂၄ ခုနှစ်၊ ဇွန်လ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက လူပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒါအပြင် မြန်မာမဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (Institute for strategy and policy Myanmar) ရဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလထုတ် စစ်တမ်းတွေ့ရှိချက်မှာလည်း မြို့နယ် ၁၁၀ မှ စစ်တမ်းဖြေဆိုသူ အယောက် ၁၀၀၀ မှာ ၄၀ ရာခိုင်နှုန်းက အခြေခံစားသောက်ကုန် ဝယ်ယူရာမှာ အခက်ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီထဲမှာ ကုန်ပစ္စည်းပြတ်လပ်ခြင်း၊ ငွေကြေးမရှိခြင်း၊ စစ်ရေးပဋိပက္ခဖြစ်နေခြင်းနဲ့ ကုန်ဈေးနှုန်းတက်ခြင်းကြောင့် အခက်အခဲကြုံရတာက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဖြေရှင်းနည်းအဖြစ် ဈေးသက်သာတဲ့၊ အရည်အသွေးနိမ့်တဲ့ အစားအစာတွေကို ဝယ်စားတာနဲ့ ထမင်းတနပ် လျှော့စားတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဝင်ငွေမတိုးဘဲ ကုန်ဈေးနှုန်းတက်ပြီးရင်း တက်နေတဲ့ဒဏ်ကို အလူးအလဲခံနေရတဲ့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်က အိမ်ရှင်မတဦးကတော့ ခုလိုညည်းတွားပါတယ်။

“ဈေးတခါမေး အမလေးပဲ။ ရွှေစျေး၊ ဒေါ်လာစျေးကျတော့လည်း စားသုံးကုန်က မကျဘူး။ စျေးသွားဖို့ကို ကြောက်လာပြီ။ တနေ့တနေ့ ဘာချက်ရမှန်းကို မသိတော့ဘူး။ အိမ်ရှင်မလုပ်ရတာ ခေါင်းစားလိုက်တာ” လို့ ဆိုပါတယ်။

လက်ရှိ အခြေခံ စားသုံးကုန်စျေးနှုန်းတွေဟာ လွန်ခဲ့တဲ့ ခြောက်လအတွင်း နှစ်ဆခန့် တက်လာတာ တွေ့ရတယ်လို့လည်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ နေ့စဉ် မရိုးနိုင်အောင် တက်ပြီးရင်းတက်နေတဲ့ ကုန်ဈေးနှုန်း ဝဲဂယက်မှာ မြန်မာနိုင်ငံက ပြည်သူတွေဟာ ခြေကုန်လက်ပမ်း ကျနေကြပါပြီ။

လိုက်မမီနိုင်တဲ့ ကုန်ဈေးနှုန်းတွေကြား ဝင်ငွေတိုးလာတာလည်း မရှိတာကြောင့် ကုန်ဈေးနှုန်းတွေ ပြန်ကျဖို့ကိုပဲ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။ အသက်ရှင်သန်နိုင်ဖို့အရေး အာဟာရပြည့်ဖို့ မဆိုထားနဲ့၊ အစာချေစရာရှိအောင် စားဖို့အတွက်ကိုတောင် မနည်း ရုန်းကန်နေရပြီး မရှိမဖြစ် အခြေခံစားကုန်တွေ ဝယ်နိုင်ဖို့ရာအတွက် မနက်ဖြန်တိုင်းမှာ ဈေးသွားရမှာကိုပင် ကြောက်နေကြရပါပြီ။ ။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW