နိုဝင်ဘာ ၂၈ – ၂၀၂၄
SS (VOM)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း အခု နိုဝင်ဘာလ တတိယအပတ်မှစတင်ကာ စက်သုံးဆီ ရှားပါးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ပွင့်လင်းရာသီ တနိုင်တပိုင် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ အခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မြို့ပေါ်မှာ တရားဝင်ဖွင့်လှစ်ထားတဲ့ စက်သုံးဆီဆိုင် ၁၇ ဆိုင်အနက် လက်ရှိမှာ နှစ်ဆိုင်သာ လက်ကျန်ဆီကို ရောင်းပေးနေပြီး ကျန်တဲ့ဆိုင်တွေ အားလုံး ပိတ်ထားတာကြောင့် လက်လီ အရောင်းဆိုင်ငယ်တွေမှာ ဈေးကြီးပေးဝယ်နေရတယ်လို့ သိရပါတယ်။
“အခုရောင်းပေးနေတဲ့ အရောင်းဆိုင်နှစ်ဆိုင်ကလည်း ကြာရှည်မခံနိုင်လောက်ဘူး။ နောက်တပတ်လောက်ဆို ဆီပြတ်သွားနိုင်တယ်။ ဆီရှားလာလို့ လမ်းဘေးဆိုင်လေးတွေမှာ မတန်တဆဈေးပေးပြီး ဝယ်နေရတယ်။ တနိုင်တပိုင် ကျောက်တူးပြီး လုပ်ကိုင်စားသောက်နေတဲ့ အသေးစား ကျောက်မျက်တူးဖော်ရေးသမားတွေ အလုပ်ဆက်လုပ်နိုင်ဖို့ ခက်ခဲလာကြပြီ။ စက်သုံးဆီအခြေအနေ ဒီထက်ပိုဆိုးလာရင် လုပ်ကွက်တွေကို ရပ်ထားရမယ့် အနေအထားကို ရောက်သွားနိုင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒေသအတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ဆီဈေးနှုန်းတွေ တဖြည်းဖြည်း မြင့်တက်လာတာမှာ နိုဝင်ဘာ ၂၇ ရက်နေ့မှာတော့ စက်ဆီတလီတာ တသောင်းခုနစ်ထောင်ကျပ်ဝန်းကျင် ရှိနေပြီး တဂါလံပေါက်ဈေး ကျပ် လေးသောင်းခွဲ၊ ငါးသောင်းခွဲ၊ ခြောက်သောင်းဝန်းကျင် ရှိကာ တပေပါဈေးကတော့ ၂၃ သိန်းကျပ်ကနေ ၂၆ သိန်းအထိ ရှိနေတယ်လို့ သိရပါတယ်။
“ဆီဈေးက တနေရာနဲ့တနေရာ တသတ်မှတ်တည်း မရှိဘူး။ ဆီလက်ကျန်ပေါ် မူတည်ပြီး ရောင်းချင်သလို ရောင်းနေတာ။ မသုံးမဖြစ် သုံးနေရတဲ့အတွက် မဝယ်မဖြစ် ဝယ်နေကြရတာပါပဲ။ နောက်ဆုံးတော့လည်း ပြည်သူတွေပဲ ထိတာပါပဲ။ ဒီမှာရှိနေတဲ့ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီကြီးတွေကတော့ သူ့လမ်းကြောင်းနဲ့သူ ဆီသွင်းခွင့်ရနေတော့ အဆင်ပြေတယ်။ ပြည်သူတွေမှာသာ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်တာ၊ သွားရေးလာရေး ခက်ခဲတာတွေ ဖြစ်လာတာ။ ဒီဒေသမှာက ကုန်ဈေးနှုန်းတွေက မတက်တာမရှိပါဘူး။ အခြေခံ စားသောက်ကုန်တွေကအစ အကုန်လုံး ဈေးတက်နေတာ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ ဖားကန့်မြို့မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်းအပြင် ပရဟိတလုပ်ငန်းတွေနဲ့ စက်သုံးဆီကို မှီခိုအားထားနေရတဲ့ ဒေသတွင်းလုပ်ငန်း အများစု အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့အတွင်းမှာ လတ်တလော အခြေအနေအရ ပေါ်ဆန်းဆန် တအိတ် နှစ်သိန်းနှစ်သောင်းကျပ်၊ စားသုံးဆီ တပိဿာ သုံးသောင်းကျပ်၊ ကြက်သွန်နီ တပိဿာ ကျပ် တသောင်းခွဲ၊ ကြက်သွန်ဖြူ တပိဿာ ကျပ် နှစ်သောင်း၊ ကြက်ဥ တလုံး ၁၀၀၀ ကျပ်အထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။
“ကုန်ဈေးနှုန်းတွေကတော့ တနေ့တမျိုး မရိုးရအောင် တက်နေတာ။ တရုတ်လမ်းကြောင်းကလည်း ပိတ်ထားတော့ ကုန်အဝင်က မရှိတော့ဘူးလေ။ စက်သုံးဆီပြတ်သွားရင် ကုန်ဈေးနှုန်းတွေလည်း ထပ်တက်လာနိုင်တယ်။ ဒီမှာက ဆိုင်ကယ်တွေနဲ့ပဲ အလုပ် လုပ်ကြတာများတော့ ဆီမရှိရင် အကုန် တန်းစီဒုက္ခရောက်မှာ။ ကျောင်း ကြို/ပို့တာတွေ၊ ဈေးရောင်း၊ ဈေးဝယ်သမားတွေ၊ ကျောက်မျက် အရောင်းအဝယ် လုပ်တဲ့သူတွေကအစပေါ့။ အဖက်ဖက်ကလည်း ပိတ်ဆို့မှုတွေဖြစ်နေတော့ ဒီတခေါက် ဆီပြတ်သွားရင် အရင်ကထက် အခြေအနေ ပိုဆိုးသွားနိုင်တယ်” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
ဖားကန့်မှာ စက်သုံးဆီပြတ်လပ်မှု မကြာခဏ ဖြစ်ပွားလေ့ရှိပေမယ့် အခုတကြိမ် ဆီပြတ်လပ်မှုမှာတော့ ကုန်စည်စီးဆင်းမှု လမ်းကြောင်းတွေအားလုံး ပိတ်နေတဲ့အတွက် ယာယီ ဆီပြတ်တောက်ခြင်းထက် ပိုမိုဆိုးရွားတဲ့ အခြေအနေကို ကြုံတွေ့ရနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရင်က တရုတ်နိုင်ငံမှတဆင့် စက်သုံးဆီတွေ ဝင်ရောက်လေ့ရှိပေမယ့် တရုတ် – မြန်မာ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယပတ်မှစတင်ကာ ပိတ်ထားတာကြောင့် စက်သုံးဆီအပါအဝင် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတယ်လို့ သိရပါတယ်။
ဒါအပြင် နစက ကလည်း ကချင်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းခွင့်ဖြစ်တဲ့ တရားဝင်စက်သုံးဆီခွဲတမ်း Purchase Order (PO) ကို မြစ်ကြီးနားမြို့ တမြို့တည်းကိုသာ ခွင့်ပြုပေးသွားမှာဖြစ်ပြီး ကျန်တဲ့မြို့တွေကို ပိတ်ပင် တားမြစ်လိုက်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ စွမ်းအင်ဝန်ကြီးဌာနကနေတဆင့် အသိပေး ကြေညာထားပါတယ်။
Photo:CJ
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...