ရန်ကုန်မြို့နယ်အချို့မှာ ဘေးတွဲဆိုင်ကယ်တွေ ဖျက်သိမ်းပြီး မီနီအိုးဝေနဲ့ ပြေးဆွဲခွင့်ပြုမယ်လို့ သတင်းထွက်နေ

ဒီဇင်ဘာ ၃ – ၂ဝ၂၄
KKO(VOM)
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ အနှေးယာဉ်အဖြစ်ခရီးတိုပြေးဆွဲပေးနေတဲ့ ဘေးတွဲဆိုင်ကယ်တွေကိုဖျက်သိမ်းပြီး မီနီအိုးဝေတွေကိုအစားထိုးပြေးဆွဲခွင့်ပြုသွားမယ်လို့ VOM သတင်းဌာနက ကနဦးစုံစမ်းသိရှိရပါတယ်။
“အခုဘေးတွဲဆိုင်ကယ်တွေကို ပိတ်သိမ်းမယ်လို့ သတင်းတွေထွက်နေတယ်။ ဘယ်ကာလလောက် ဖြစ်မလဲဆိုတာတော့ အတိအကျမသိရ သေးဘူး။ကြားနေရတာကရန်ကုန် တိုင်းကမြို့နယ် ငါးခုလောက်မှာမီနီအိုးဝေလေးတွေကိုပေးသုံးဖို့ရှိတယ်၊ခွင့်ပြုသွားမယ်လို့ကြားနေတယ်။လူကြီးတွေကဒါကိုစီမံချက် တခုအနေနဲ့လုပ်နေတယ်ကြားတယ်။ ဘေးတွဲတွေကိုတော့အကုန်သိမ်းမယ်ပေါ့နော်။ အဲဒီလိုလေးတော့ကြားနေရပါတယ်”လို့ အုပ်ချုပ်ရေးအသိုင်း အဝိုင်းနဲ့ နီးစပ်သူတယောက်က VOM ကို ပြောပြပါတယ်။
လက်ရှိ ရန်ကုန်တိုင်းအတွင်းက ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ ဒဂုံ(၄)မြို့နယ် အပါအဝင် လှိုင်သာယာ၊ရွှေပြည်သာတို့နဲ့ မြို့နယ်အချို့မှာ ဘေးတွဲဆိုင်ကယ်တွေကို ပြေးဆွဲခွင့်ပြုထားတာဖြစ်ပါတယ်။
နောက်ပိုင်းကာလတွေမှာတော့ ရန်ကုန်တိုင်းအတွင်းက ဘေးတွဲဆိုင်ကယ်တွေအားလုံးကို ဖျက်သိမ်းပြီး မြောက်ဒဂုံမြို့နယ်မှအပ ကျန်ရှိတဲ့ ဒဂုံတောင်ပိုင်းမြို့နယ်၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊လှိုင်သာယာမြို့နယ်နဲ့ ရွှေပေါက်က္ကံမြို့နယ် အစရှိတဲ့မြို့နယ်အချို့မှာ ဘေးတွဲဆိုင်ကယ်အစားမီနီအိုးဝေတွေကိုပြေးဆွဲဖို့ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းမှာ မီနီအိုးဝေတွေကိုအသုံးပြုခွင့်ပေးထားသကဲ့သို့ အခုထွက်ပေါ်နေတဲ့ သတင်းတွေရ ရန်ကုန်တိုင်းက မြို့နယ်အချို့မှာလည်း မီနီအိုးဝေတွေကိုအသုံးပြုခွင့်ပေးဖို့ရှိနေတာဖြစ်တယ်လို့ အုပ်ချုပ်ရေးအသိုင်း အဝိုင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
“အခုရန်ကုန်တိုင်းက မြို့နယ်တွေမှာ အိုးဝေတွေကိုပေးသုံးဖို့ လုပ်ဖို့ စီမံချက်ရှိနေတယ်ကြားတယ်။ ဆိုင်ကယ်ဘေးတွဲတွေကိုသိမ်းမယ်၊သိမ်းပြီးလို့ရှိရင်အိုးဝေကိုလိုင်စင်ပြန်ချပေးမယ်လို့ကြားတယ်”လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ထပ်လောင်းပြောပြပါတယ်။
ယခုလိုဆိုင်ကယ်ဘေးတွဲတွေအစား မီနီအိုးဝေတွေကိုခွင့်ပြုမယ်ဆိုတာက လတ်တလောမှာတော့ဖြစ်နိုင်ချေနည်းပါးနေသေးပြီး မီနီအိုးဝေထက် ဘေးတွဲဆိုင်ကယ်တွေက ခရီးသည်ပိုမိုရရှိပြီးတော့ ဈေးကွက်မှာလည်းအလုပ်ဖြစ်နေကြတယ်လို့ ရန်ကုန်မြို့ရှိ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတယောက်က သူရဲ့အမြင်ကို အခုလိုပြောပြပါတယ်။
“ဘေးတွဲကပိုပြီးအလုပ်ဖြစ်တယ်ပြောလို့ရပါတယ်။ဘေးတွဲက ခေါက်တိုလည်းလိုက်လို့ရတယ်။၁ဝဝဝ ၊၁၅ဝဝ ခရီးလေးတွေလိုက်လို့ရတယ်။အိုးဝေကျတော့အောက်ထိပ်ကအနည်းဆုံး ၅ဝဝဝ လောက်ရမှလိုက်လို့ရမယ်။ဆွဲရတာလည်းခက်တယ်။အခုအိုးဝေတစီးကို သိန်းရာကျော်သွားပြီ။အရင်ကဆို ဆို ၃၅ သိန်း၊သိန်း ၄ဝ လောက်နဲ့ရတယ်။အခုကသိန်းတစ်ရကျော်သွားပြီ။သူ့တစီးစာက ဘေးတွဲ ၅ စီးစာလောက်ဖြစ်သွားတယ်။ဘေးတွဲဆိုင်ကယ်တစီးရဲ့ဈေးက ဘီးကောင်းရင် သိန်း ၂ဝ ကျော်တယ်။ဘီးမကောင်းရင် ၁ဝ သိန်းပတ်ချာလည်လောက်နဲ့ရတယ်။သူ့ရဲ့အုံနာကြေးက ဘီးကောင်းရင်တနေ့ ၅ဝဝဝ အထိရတယ်။ဘီးမကောင်းရင် တနေ့ ၃၅ဝဝ လောက်ရတယ်။မီနီအိုးဝေကျတော့ ထိန်းသိမ်းရလည်းခက်တယ်။ပြင်ဆင်စရိတ်ပိုများတယ်။နောက်ဆီဖိုးနဲ့ ဆိုအုံနာကြေးရှာဖို့ တောင်မလွယ်ကူဘူးပေါ့။ဘေးတွဲကတိုတိုထွာထွာလေးတွေဆွဲလို့ရတယ်။ ဘေးတွဲက အဲဒါတချက်အားသာတယ်။မီနီအိုးဝေကျခေါက်တိုလိုက်ရင်မကိုက်တော့ပြန်ဘူး။ဘေး တွဲတွေကျအခုမြို့နယ်ကသူ့အမှတ်စဉ်အလိုက်လိုင်စင်သဘောမျိုးအသိအမှတ်ပြုကတ်လေးတွေထုတ်ပေးထားတာရှိတယ်။နောက်ပြီးသူ့သတ်မှတ်အင်္ကျီရပ်ကွက်အုပ်ချုပ် ရေးရုံးမှာထုတ်ပြီးလို့ရှိရင်ဘေးတွဲစမောင်းလို့ရပါပြီ”လို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ အနှေးယာဉ်ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ တယောက်က ပြောပြပါတယ်။
ဆက်ပြီးတော့ ရန်ကုန်တိုင်းမြို့နယ်တခုရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်ကလည်း “ဘေးတွဲဆိုင်ကယ်တွေဖျက်သိမ်းဖို့ကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကိုညွှန်ကြားချက်တစုံတရာ ပေးထားတာမျိုး၊စာထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး”လို့ ပြောပြပါတယ်။
“မြောက်ဥက္ကလာပမြို့နယ်ကကြားတာကတော့ ဘေးတွဲလိုင်စင်တွေကိုအကုန်ဖျက်သိမ်းမယ် လို့ကြားတာနှစ်ရက်လောက်ရှိပါပြီ။ အတိအကျတော့အတည်ပြုလို့မရသေးပါဘူး”လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက်က ထပ်လောင်း ပြောပြပါတယ်။
ဈေးကွက်အရလည်း ဆိုင်ကယ်ဘေးတွဲတစီးရဲ့ဈေးနှုန်းနဲ့ မီနီအိုးဝေတစီးရဲ့ ဈေးနှုန်းဟာကွာဟမှုတွေများစွာ ရှိနေတဲ့ အတွက်ဘေး တွဲဆိုင်ကယ်တွေဖျက်သိမ်းခံရပါက မီနီအိုးဝေကိုဝယ်ယူပြေးဆွဲနိုင်မယ့်ဦးရေဟာလည်း နည်းပါးသွားမယ်လို့ ဘေးတွဲဆိုင်ကယ်အနှေးယာဉ်လုပ်သားတွေက ဆိုပါတယ်။
စုံစမ်းသိရှိမှုတွေအရမီနီအိုးဝေတွေရဲ့ဈေးနှုန်းဟာ တစီးကိုကာလပေါက်ဈေးသိန်း ၁၈၀ ကနေ သိန်း ၂ဝဝ နီးပါးပတ်ချာလည်အထိဈေးရှိနေပြီး ဘေးတွဲဆိုင်ကယ်တစီးရဲ့ဈေးနှုန်းကလည်းကျပ် ၁ဝ သိန်းဝန်းကျင်ကနေ ဘီးကောင်းရင်ကောင်းသလို ကျပ်သိန်း ၃ဝ နီးပါးအထိဈေးရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW