အောင်ပန်းမှာ ကုန်စိမ်းပွဲတော် နှစ်ရက်ကြာ ကျင်းပမယ်

ZY(V0M)
ဒီဇင်ဘာ ၇၊ ၂၀၂၄
တောင်သူတွေ ဈေးကွက်ကောင်း ရရှိစေဖို့ရည်ရွယ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မှာ ကုန်စိမ်းပွဲတော်ကို ဒီဇင်ဘာလ ၁၁ရက်ကနေ ၁၂ရက်အထိ ၂ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ ပွဲကျင်းပရေးတာဝန်ရှိသူတွေထံကနေ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှ စိုက်ပျိုးထွက်ရှိတဲ့ ငရုတ်၊ ကြက်သွန်နဲ့ ဂျင်း(ချင်း)သီးနှံကုန်စည်ပြပွဲကို အောင်ပန်းမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီပြပွဲကို ကလော၊ အောင်ပန်းနဲ့ ပင်းတယဒေသရှိ တောင်သူတွေအတွက် အဓိကကျင်းပခြင်းဖြစ်သလို တောင်သူတွေအနေနဲ့ အစုအဖွဲ့လိုက် ရောင်းဝယ်တတ်စေဖို့နဲ့ ဈေးကွက်ကောင်းတွေရရှိစေဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။
“အဓိကကတော့ ဒီကတောင်သူတွေက ဈေးကွက်ချိတ်ဆက်မှုအားနည်းတယ်။ ပြီးတော့ နယ်ဝေးကိုဆို ကုန်စည်တင်ပို့ဖို့ မဝံ့မရဲဖြစ်နေကြတာတွေ ရှိတယ်။ အခုထက်ပိုပြီး ကုန်စိမ်းတွေ၊ သီးနှံတွေ ဈေးကောင်း ရရှိလာစေဖို့နဲ့ ဈေးကွက်တစ်ခု ခိုင်ခိုင်မာမာရရှိလာစေဖို့ ဒီပွဲကိုကျင်းပပေးတာ ဖြစ်ပါတယ်”လို့ ပွဲကျင်းပရေးတာဝန်ခံတယောက်က VOMကို ပြောပါတယ်။
အဲဒီပြပွဲမှာ ဝယ်ယူသူတွေအနေနဲ့ တောင်သူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်မယ့်အပြင် စိုက်ပျိုးသူတွေ အဆင်ပြေစေဖို့ ပြပွဲကို (၁၅) ရက် တစ်ကြိမ်ကျင်းပမှာဖြစ်ပြီး တောင်သူဈေးနဲ့အတူ ပွဲရုံ၊ ကုန်သည်၊ ကုန်စည်ဒိုင်တွေ ဈေးကောင်းရရှိစေဖို့ အခြေခံဈေးနှုန်းတွေ သတ်မှတ်ဝယ်ယူပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တောင်သူတွေအတွက် စိုက်ပျိုးနည်းပညာအပြင် ဒေသမျိုးသန့်မျိုးစေ့တွေ၊ ဆိုလာရေသွင်းစက်တွေ၊ မြေသြဇာတွေနဲ့ စိုက်ပျိုးစရိတ် ကြိုတင်ထုတ်ပေးတဲ့ ဝန်ဆောင်မှုတွေကိုပါ တနေရာတည်းမှာ ရရှိနိုင်မှာဖြစ်သလို ပြည်တွင်း၊ ပြည်ပ ဈေးကွက်တွေနဲ့လည်း အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local

Related posts

Leave a Comment

VOM News

FREE
VIEW