ဝါရှင်တန်၊ ဒီဇင်ဘာ-၁၄-၂၀၂၄
မျိုးဆက်(VOM)
ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ရုရှားကတော့ ဒါဟာ ရရှားပိုင်နက်ထဲကို အနောက်အုပ်စုနိုင်ငံတွေက ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ယူကရိန်းက တိုက်ခိုက်ခဲ့တဲ့အပေါ် တုံ့ပြန်တာလို့ ပြောပါတယ်။
ရုရှာဟာ မြောက်ကိုရီးယားလုပ် ဒုံးကျည်တစင်းထက်မနည်းအပါအဝင် ခရုဇ်ဒုံးကျည်၊ ပဲ့ထိန်းနဲ့ အခြားဒုံးကျည် ၉၃ စင်းနဲ့ ပစ်ခတ်ခဲ့ပြီး ဒုံးကျည် ၈၁ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ဇီလန်စကီးကပြောပါတယ်။ ဒီထဲက ၁၁ စင်းကိုတော့ အနောက်မဟာမိတ်တွေ ထောက်ပံ့ပေးထားတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ သုံးပြီး ကြားဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ရုရှားဟာ ဒရုန်းအစင်းပေါင်း ၂၀၀ ကိုလည်း အသုံးပြုခဲ့ပြီး ဒါဟာ ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံတွေကို အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေထဲက တခုဖြစ်တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
ယခုနှစ်အတွင်း ယူကရိန်းရဲ့ မဟာဓါတ်အားလိုင်းကို ရုရှားက အကြီးစားတိုက်ခိုက်မှု ၁၂ ကြိမ်ထိ ပြုလုပ်ခဲ့တယ်လို့ ယူကရိန်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ဆိုးရွားတဲ့ ဓါတ်အားပြတ်တောက်မှုတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက သတိပေးထားပြီး အပြည့်အ၀ပြန်လည်ရရှိဖို့ အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။
ရုရှားတောင်ပိုင်း တာဂန်ရော့မြို့အနီး စစ်လေယာဉ်ကွင်းတခုကို အမေရိကန်ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်နဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ယူကရိန်းတိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တာဖြစ်ကြောင်း ရုရှားဘက်က ပြောဆိုထားပါတယ်။
Ref:NHK
Photo:AFP
ယူကရိန်း စွမ်းအင်အဆောက်အအုံတွေကို ရုရှားက ဒုံးကျည်တွေ ၊ ဒရုန်းတွေနဲ့ အကြီးအကျယ် တိုက်ခိုက်ပြန်
