ဒေါပုံမြို့နယ်မှာ တက္ကစီယာဉ်မောင်းတယောက် ဓါးဒဏ်ရာတွေနဲ့ သေဆုံး

ဇန်နဝါရီ ၁၆ – ၂ဝ၂၄
KKO(VOM)
ရန်ကုန်မြို့၊ဒေါပုံမြို့နယ်မှာ တက္ကစီယာဉ်မောင်းတယောက် ဓါးနဲ့အချက်‌ပေါင်းများစွာ ထိုးနှက်ခံရပြီး အသတ်ခံရမှုဇန်နဝါရီလ ၁၅ ရက်၊ ညပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးပရဟိတအသင်းတခုရဲ့ သတင်းထုတ်ပြန်ထားမှုတွေအရ သိရပါတယ်။
ဖြစ်စဉ်မှာ အဲဒီနေ့ ည ၉ နာရီ မိနစ် ၅ဝအချိန်ခန့်က ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာသီရိ ၆ လမ်းထိပ်၊ ပေ ၈၀ လမ်းပေါ် က အငှားတက္ကစီယာဥ်တစီးပေါ်မှာ ယာဥ်မောင်းတယောက်ကို ဓါးဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ နယ်မြေခံလူမှုကူညီရေးသမားတွေက ပြောပါတယ်။
သတင်းအရ အခင်းဖြစ်ရာသို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အတူ နယ်မြေခံပရဟိတအသင်းတွေက သွားရောက်ကူညီဆောင်ရွက်ရာမှာ အဲဒီ အငှားတက္ကစီယာဥ်မောင်းဟာ
ဇေယျာသီရိရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပြီး သူဟာဓါးဒဏ်ရာများစွာနဲ့ အကြမ်းဖက်ခံထားရတဲ့ လက္ခဏာကိုတွေ့ရှိရတယ်လို့လည်း နယ်မြေခံလူမှုကူညီရေးအသင်းတခုဖြစ်တဲ့ သစ္စာမဏ္ဍိုင်အသင်းက သတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။
“မနက်က ဒီသတင်းကို ဈေးထဲကနေ စောစောစီးစီးကြားလာပြီး တနေကုန်စိတ်မကောင်းဖြစ်နေတာပါ”လို့ ဒေါပုံမြို့နယ်၊ဇေယျာသီရိရပ်ကွက်မှာ နေထိုင်သူတယောက်က မှတ်ချက်ပြုထားပါတယ်။
နယ်‌မြေခံလူမှုကူညီရေးအသင်းရဲ့ထုတ်ပြန်မှုအရ တက္ကစီယာဥ်မောင်းဖြစ်သူမှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ ဘယ်ဘက်ရင်အုံထိုးသွင်းဒဏ်ရာတွေရရှိထားတာကိုတွေ့ရတယ်လို့ သိရရှိပါတယ်။ဒဏ်ရာရသူတက္ကစီယာဉ်မောင်းကို နယ်မြေခံ သစ္စာမဏ္ဍိုင်အသင်းရဲ့အရေးပေါ်ယာဥ်နဲ့ အထွေထွေရောဂါကုဆေးရုံ (လမ်းမတော်) YGH သို့ ပို့ဆောင်ကူညီခဲ့သော်လည်း ယာဥ်မောင်းဟာ ရရှိထားသော ဓါးဒဏ်ရာတွေနဲ့ ကွယ်လွန်သွားခဲ့တာ‌‌ကြောင့် ရန်ကုန်ဆေးရုံကြီးမှာ အပ်နှံထားခဲ့ရတယ်လို့ လည်း လူမှုကူညီရေးသမား တွေက ပြောပါတယ်။
“သတင်းတော့ကြားလိုက်မိတယ်။ဇေယျာသီရိရပ်ကွက်က ဒေါပုံအပိုင်ထဲမှာပါ”လို့ နယ်မြေခံ လူမှုကူညီရေးသမားတယောက် ပြောပါတယ်။
ဓါးနဲ့အချက်‌ပေါင်းများစွာ ထိုးနှက်ခံရပြီး အသတ်ခံခဲ့ရတဲ့ တက္ကစီယာဉ်မောင်းဖြစ်သူရဲ့ မိခင်ဟာ ဒေါပုံဈေးထဲမှာ ဈေးရောင်းချသူတယောက်ဖြစ်တယ်လို့ သိရပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်ကြတဲ့ မိသားစုဖြစ်တယ်လို့လည်း ဒေါပုံမြို့နယ်၊ဇေယျာသီရိရပ်ကွက်မှာနေထိုင်သူတွေက စိတ်မကောင်းစွာနဲ့ မှတ် ချက်ပြုထားတာကိုလည်း တွေ့ရပါတယ်။
ဒါအပြင် ပြီးခဲ့နှစ်ပိုင်းတွေ အတွင်းမှာလည်းတက္ကစီယာဉ်မောင်းတွေ လုယက်အသတ်ခံရတဲ့ ဖြစ်စဉ်တွေဟာလည်း ရန်ကုန်မြို့မှာအများအပြားရှိခဲ့တာဖြစ်တယ်လို့ သတင်းဌာနတွေရဲ့သတင်းမှတ်တမ်းတွေအရ သိရှိရပါတယ်။
Photo – သစ္စာမဏ္ဍိုင်အသင်း
VOM Telegram Channel: https://t.me/VOMNEWS2023/11757
VOM Viber Channel: https://invite.viber.com/…

Related posts

Leave a Comment

VOM News

FREE
VIEW