ဇန်နဝါရီ ၁၆ – ၂၀၂၅
SS (VOM)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာက ကျောက်စိမ်းတွင်းဟောင်း နွံပေါက်ကျမှုဖြစ်စဉ်မှာ သေဆုံးသူ အယောက် ၃၀ ကျော် တွေ့ရှိပြီး ဇန်နဝါရီလ ၁၅ ရက်နေ့၊ ညနေပိုင်းမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နွံကန်ပြိုကျမှုဖြစ်ခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်၊ မနက်ပိုင်းကစလို့ ဇန်နဝါရီ ၁၅ ရက်၊ ညနေပိုင်းအထိ ကယ်ဆယ်ရေး လုပ်ငန်းတွေကို မရပ်မနား လုပ်ဆောင်ခဲ့တာမှာ ရုပ်အလောင်း ၃၁ လောင်းကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ကျွန်တော်တို့ နေ့ရောညရော ကယ်ဆယ်ရေးတွေ ဆက်တိုက် လုပ်ခဲ့တာမှာ ရုပ်အလောင်းပေါင်းက ၃၁ လောင်း ရတယ်။ အများပြည်သူက သေဆုံးသူ ရာဂဏန်းလောက် ရှိမယ်လို့ ခန့်မှန်းပေမယ့် တကယ်တမ်းက ၃၁ လောင်း တွေ့တယ်။ သူ့ပင်ကိုယ်မြေအထိ ဖယ်ရှားရှင်းလင်းလိုက်တာဆိုတော့ နွံအောက်မှာ ကျန်နေသေးတာမျိုးတော့ မရှိပါဘူး။ တချို့ကတော့ မြေအောက်မှာ ကျန်နေဦးမယ်ဆိုပြီးတော့ ကောလာဟလတွေ ရှိတာပေါ့။ တကယ်တမ်းကျတော့ မဟုတ်ပါဘူး။ နွံကန်ပေါက်ကျတဲ့နေရာကနေမှ ဖယ်ရှားရှင်းလင်းလိုက်တာ။ နွံတွေရော၊ ပျက်စီးသွားတဲ့ အိမ်တွေရော၊ အဲဒီနားလေးမှာ လုံးဝ ကွက်လပ်ပြင်ကြီးလို ဖြစ်သွားပြီ။ ရွာကိုဖောက်ထားတဲ့ မြေနီလမ်းအထိကို အကုန်လုံး ဖယ်ရှားရှင်းလင်းပြီးသွားပြီ” လို့ သူက ပြောပါတယ်။
ဒီဖြစ်စဉ်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရပြီး စက်ယန္တရားတွေနဲ့ နွံတွေကို ဖြည်းဖြည်းချင်း ဖယ်ရှားခဲ့ရကာ နှစ်ဆင့် ရှာဖွေခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
“နွံဖြိုတဲ့အခါကျတော့ နွံက ဖောက်ချလို့လည်း ထွက်သွားတဲ့အရာမဟုတ်ဘူး။ တင်ကျန်နေခဲ့တာဆိုတော့ ကယ်ဆယ်ရေးလုပ်ရတာ နည်းနည်းတော့ခက်တယ်။ ဘာ့ကြောင့်ခက်လဲဆို နင်းလို့လည်းမရဆိုတော့ ကမ်းနဖူးလေးကနေ နွံတွေကို စက်ယန္တရားတွေနဲ့ ဖြည်းဖြည်းချင်း ဖယ်ရှားတယ်။ ဖယ်ရှားတဲ့အချိန်မှာ လူပါမပါ သေချာကြည့်ရတာပေါ့။ ရှာတာက နှစ်ဆင့်ရှာတာ။ စက်နဲ့ရှာပြီး မတွေ့တဲ့နွံတွေကို ကားပေါ်တင်ပြီး နောက်တခါ နုံးစင်ပေါ်မှာပြန်တင်ပြီး ရေနဲ့ထိုးချတာပေါ့။ အဲဒီလိုထိုးချမှ လူပါမပါသိရမှာ။ အဲဒီလို နှစ်ဆင့်ရှာတာက သုံးရက်မြောက်အထိ နေ့ရောညရော ဆက်တိုက်ရှာခဲ့ရတာ” လို့ သူက ပြောပါတယ်။
ဒါအပြင် နယ်မြေခံတွေရဲ့ ပြောကြားချက်အရ ပျက်စီးသွားတဲ့ အိမ်အလုံးရေက ၅၇ အိမ်လောက် ရှိတယ်လို့ သိရပြီး လက်ရှိမှာတော့ ရွာထဲမှာရှိသမျှ နွံတွေအားလုံးလည်း ဖယ်ရှားပြီးစီးသလောက် ဖြစ်သွားပြီဖြစ်သလို လမ်းလည်း ပေါက်သွားပြီဖြစ်ကာ သွားလို့လာလို့ ရသွားပြီဖြစ်တာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ရပ်နားလိုက်တာဖြစ်တယ်လို့ သူက ပြောပါတယ်။
သုံးရက်အတွင်း ရှာဖွေရေး လုပ်ဆောင်ခဲ့တာမှာ သေဆုံးသူတွေထဲ အသက် ၁၀ အောက်ကလေး ခြောက်ယောက်အပြင် သက်ကြီးရွယ်အိုတွေနဲ့ နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်မိခင်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
“အခုလို အဖြစ်ဆိုးမျိုး နောက်နောင် မကြုံပါစေနဲ့လို့ ဆုတောင်းတယ်။ နောက်တခုက ဖားကန့်ရဲ့ အားနည်းချက်က ဒီလို အစုလိုက်အပြုံလိုက် သေတာက နှစ်စဉ်နှစ်တိုင်းလိုလို ဖြစ်နေတယ်။ ဒီလိုဖြစ်နေတဲ့ဟာက တကယ်တမ်းကျတော့ လုပ်ငန်းရှင်ရော၊ အာဏာပိုင်အဖွဲ့အစည်းတွေရော ဒါလေးကိုတော့ ကြပ်ကြပ်မတ်မတ် အသေအပျောက်နည်းအောင်တော့ စဉ်းစားဆင်ခြင်ပြီးမှ စည်းကမ်းရှိရှိ ကျောက်စိမ်းတူးဖော်ရင်တော့ ကောင်းမှာပဲလို့ အကြံပေးချင်ပါတယ်။ ကျန်ခဲ့တဲ့ မိသားစုဝင်တွေဆိုတာ အရူးမီးဝိုင်းကိုဖြစ်တာလေ။ ရှာဖွေရေးလုပ်ရင်း အနံ့ရပြီဆိုတာနဲ့ ငိုတဲ့လူကငို၊ သတိမေ့တဲ့သူက မေ့နဲ့။ အင်မတန် ရင်နာစရာလည်း ကောင်းပါတယ်။ ဒီဖြစ်စဉ်က တခြား မြေပြိုဖြစ်စဉ်တွေနဲ့ မတူဘူး။ မြင်ရတွေ့ရတာ တော်တော်ကို စိတ်မကောင်းစရာပါ။ ပြောရမယ်ဆိုရင်တော့ လက်ရှိ အာဏာပိုင်အဖွဲ့အစည်းပေါ်မှာပဲ မူတည်တာပါ။ သူတို့သာ ကြပ်ကြပ်မတ်မတ်နဲ့ ဆောင်ရွက်မယ်၊ ကုမ္ပဏီကလည်း ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း ကျောက်စိမ်းတူးဖော်မယ် ဆိုရင်တော့ အသေအပျောက် နည်းလာလိမ့်မယ်လို့ ယုံကြည်တယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ဒီလို အသေအပျောက်တွေက ကြုံတွေ့နေရဦးမှာပါပဲ” လို့ သူက ပြောပါတယ်။
နွံကန်မှာ ကျောက်စိမ်းကုမ္ပဏီတွေက ကျောက်မိုင်းခွဲကာ စက်ယန္တရားကြီးတွေနဲ့ ကျောက်တူးဖော်ရာမှ ဖြစ်ပေါ်လာတဲ့ကျင်းတွေက မိုးရေကြောင့် ရေအိုင်တွေဖြစ်ပေါ်လာပြီး အဲဒီ ရေအိုင်တွေအတွင်း မြေစာဖို့တဲ့အတွက်ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဖားကန့်မှာ အခုလို ဖြစ်စဥ်တွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း မှော်စီစာကျေးရွာ၊ အောင်သာယာရပ်ကွက်ရှိ ဒေသအခေါ် တင်အောင်ကြိုင်မြေစာပုံ ပြိုကျခဲ့မှုကြောင့် မြေစာသွန်တဲ့ ကားနှစ်စီးနဲ့ ကျောက်ရှာဖွေသူ ၁၀ ယောက်ထက်မနည်း ရေကန်အတွင်း ပြုတ်ကျ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီလိုပဲ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနမှော်က ကျောက်စိမ်းတူးတဲ့ လုပ်ကွက်ဟောင်းမှာ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ အယောက် ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။
ဒါအပြင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှာလည်း ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော် နွံနစ်သေဆုံးခဲ့ပြီး အသေအပျောက် အများဆုံး ဖြစ်ခဲ့ပါတယ်။
VOM Telegram Channel: https://t.me/VOMNEWS2023/11756
VOM Viber Channel: https://invite.viber.com/…
VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g
VOM Website Link: http://tinyurl.com/ywyd7eyn.n.