ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်မြင့်တက်

ဇန်နဝါရီ ၁၉ – ၂၀၂၅
SS (VOM)
ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံ အများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
တိုက်ပွဲတွေကြောင့် ဇန်နဝါရီ ၆ ရက်ကနေ ၁၃ ရက်နေ့အထိ တပတ်အတွင်း ကြာအင်းဆိပ်ကြီးမြို့နယ်ကို တိမ်းရှောင်လာသူ ၁၂၀၃ ယောက်ရှိပြီး သံတောင်ကြီးမြို့နယ်ကို ၉၅ ယောက်၊ ဖာပွန်မြို့နယ်ကို ၉၉ ယောက် တိမ်းရှောင်ခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ကရင်ပြည်နယ်တွင်း နစကတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အဆက်မပြတ် ရှိနေတဲ့အတွက် ကော့ကရိတ်၊ လေးကေ့ကော်၊ ဖာပွန်၊ မြဝတီ စတဲ့ မြို့‌နယ်တွေရှိ ကျေးရွာတွေက ဒေသခံအများအပြား ထပ်မံ စစ်ဘေး တိမ်းရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။
“လေကြောင်း တိုက်ခိုက်မှုကတော့ နေ့တိုင်း ရှိနေတယ်။ လူသေဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာ ရတာတွေလည်း အများကြီးရှိနေတယ်။ လူနေအိမ်တွေ၊ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတွေလည်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးတာရှိတယ်။ ” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။
လက်ရှိမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ခရိုင်အသီးသီးမှာ စစ်ဘေးရှောင်ဦးရေ တသန်း နှစ်သိန်းလောက်အထိ ရှိလာနေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာတင် စစ်ရှောင်အရေအတွက် နှစ်ဆလောက် မြင့်တက်လာတာဖြစ်ကာ အဓိက က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ သူက ‌ပြောပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နစကရဲ့ စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်တားဆီး ပိတ်ဆို့မှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်လာမှုတွေကြောင့် အခက်အခဲများစွာကို ကြုံတွေ့နေရတယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိမှာ နစက က ကရင်ပြည်ရှိ ကော့ကရိတ် – မြဝတီအတွင်းက အာရှလမ်းပြန်ဖွင့်နိုင်ရေးနဲ့ ကုန်သွယ်ရေးဇုန် ထိရောက်စွာအလုပ် လုပ်ကိုင်နိုင်ရေးအတွက် တပ်အင်အားအလုံးအရင်းနဲ့ ကော့ကရိတ်ဘက်ကိုတက်လာပြီးအင်အားဖြည့်တင်းတာတွေ၊ စစ်ရေးအတွက်ပြင်ဆင်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အဲဒီ အာရှလမ်းကို လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်က ပိတ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ လမ်းပြန်ဖွင့်နိုင်ရေးအတွက် နစကဘက်က လုပ်ဆောင်နေတာတွေကြောင့် မကြာခင်မှာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ခြေ ရှိတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

Photo:CJ (ပုံဟောင်း)

Related posts

Leave a Comment

VOM News

FREE
VIEW