ဇန်နဝါရီ ၂၀ – ၂ဝ၂၅
KKO(VOM)
ဇန်နဝါရီလ ၁၉ ရက်၊နံနက်အစောပိုင်းအချိန်မှာ ထလောင်တဲ့ မြောင်းမြမြို့က ညောင်ပင်လေးဈေး မီးလောင်မှုမှာ ဆိုင်ခန်းအားလုံးနီးပါးဆုံးရှုံးသွားခဲ့တယ်လို့ မြောင်းမြမြို့ဒေသခံတွေရဲ့ပြောပြမှုတွေအရ VOM က စုံစမ်းသိရှိရပါတယ်။
မြောင်းမြမြို့၊ညောင်ပင်လေးဈေးမီးလောင်မှုဟာ ဇန်နဝါရီလ ၁၉ ရက်၊အစောပိုင်းအချိန်ဖြစ်တဲ့ နံနက် ၁ နာရီခွဲ အချိန်ခန့်မှာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးကိုအချိန်တနာရီကျော်ကြာအောင် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အတူ ဒေသခံတွေကညတွင်းချင်းကြိုးစားပမ်းစားငြှိမ်းသတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသတွင်းသတင်းတွေအရ မြောင်းမြမြို့၊ ညောင်ပင်လေးစျေးမီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်း ၁၀၀ နီးပါးဆုံးရှုံးသွားခဲ့တယ်လို့ သိရပြီး ဈေးအတွင်းမှာရှိတဲ့ ဆိုင်ခန်းအများစုကတော့ ဆန်ဆိုင်တွေအများဆုံးဖြစ်တယ်လို့ မြောင်းမြမြို့ဒေသခံတွေက VOM ကို ပြောပါတယ်။
“မနက် ၁ နာရီ ၁ဝ မိနစ်မှာစလောင်တာပါ။စံပြမုန့်တိုက်ရှေ့ကနေ စလောင်တာပါ။မနက် ၂ နာရီခန့်မှာမှ မီးညွန့်ကျသွားတယ်။ညောင်ပင်လေးစျေးတော့ကုန်သွားပေမဲ့တခြားနေရာတွေကိုတော့ကူးစက်လောင် ကျွမ်းခဲ့ခြင်းမရှိပါဘူး”လို့ မြောင်းမြမြို့ ဒေသခံတယောက်က ပြောပါတယ်။
မြောင်းမြမြို့၊ညောင်ပင်လေးဈေးမီးလောင်မှုဟာ ဝါယာရှော့ကြောင့် မီးလောင်မှုဖြစ်နိုင်တယ်လို့ ယူဆကြပေမယ့် မီးလောင်မှုအကြောင်းအရင်းအသေးစိတ်ကိုတော့ သိရှိရခြင်းမရှိသေးသလို တချို့မြို့ခံတွေကတော့ ရှို့မီးဖြစ်နိုင်တယ်လို့ မှတ်ချက်ပြု သုံးသပ်ယူဆမှုတွေလည်း ရှိနေတာကိုလည်း တွေ့ရပါတယ်။
“သူက မနက်အစောကြီးထလောင်တာပေါ့။ဆိုင်ခန်းတွေလည်းအများကြီးပါသွားတယ်။ဈေးထဲမှာတော့ ဆန်ဆိုင်တွေများတယ်။နောက်အထည်အလိပ်ဆိုင်တွေရှိတယ်၊ဆေးဆိုင်တွေရှိတယ်။ဈေးက မြောင်းမြမြို့အတွင်းမှာရှိတာပါ။ကမ်းနားဘက်နဲ့ နီးတယ်။မြောင်းမြမှာဆိုရင် အခု မီးလောင်သွားတဲ့ ညောင်ပင်လေးဈေးရှိတယ်။မြို့မဈေးရှိတယ်၊အောင်ဆန်းဈေးရှိတယ်၊အခုဈေးက မြို့လယ်ကောင်မှာရှိတဲ့ဈေးပါ။ဈေးအတွင်းရော အပြင်ရော မီးလောင်လို့ ကုန်သွားတယ်” လို့ ညောင်ပင်လေးဈေးအနီးမှာ နေထိုင်တဲ့ ဒေသခံတယောက်က VOM ကို ပြောပါတယ်။
မီးသတ်တပ်ဖွဲ့ကတော့ ညောင်ပင်လေးဈေး မီးလောင်မှုကို မြောင်းမြခရိုင်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်၊မီးသတ်ရေသယ်ယာဉ်တွေနဲ့အတူ ထွက်ခွာငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုထားပြီး မီးကို နံနက် ၂ နာရီ ၁၃ မိနစ်အချိန်မှာ ငြိမ်းနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။သို့သော်လည်းကာလတန်ဖိုးအားဖြင့် ဘယ်လောက်ဆုံးရှုံးသွားခဲ့တယ်ဆိုတာကိုတော့ မသိရှိရပါဘူး။
ယခုမီးလောင်မှုဖြစ်ပွားခဲ့တဲ့ ညောင်ပင်လေးဈေးဟာ မြောင်းမြမြို့၊အမှတ်(၂)ရပ်ကွက်၊ (၅)လမ်းမှာတည်ရှိတဲ့ ဈေးကြီးတခုဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါအပြင် မီးလောင်ပြီးချိန်မှာတော့ အရိုးပြိုင်းပြိုင်းနဲ့ ကျန်ရစ်ခဲ့တဲ့ ညောင်ပင်လေးဈေးရဲ့အခြေအနေကိုလည်းမြောင်းမြမြို့ဒေသခံတွေ ရဲ့ လူမှုကွန်ရက်မှာ လွှင့်တင်ထားတဲ့ ဗီဒီဖိုင်တွေ ဓါတ်ပုံမှတ်တမ်းတွေအရ ယခုလိုတွေ့မြင်ရပါတယ်။
အဲဒါအပြင် ယခုဈေးမီးလောင်မှုမှာ ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆက်လက် ပြောပြခဲ့ပါတယ်။
Photo – MFSD/CJ
VOM Telegram Channel: https://t.me/VOMNEWS2023/11824?single
VOM Viber Channel: https://invite.viber.com/…
VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g
VOM Website Link: http://tinyurl.com/ywyd7eyn.n.