နောင်ချိုမှာလေကြောင်းတိုက်ခိုက်ခံရ နှစ်ယောက်သေ တယောက်ထက်မနည်းဒဏ်ရာရ

ဇန်နဝါရီ ၂၁ – ၂၀၂၅
CC (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်ကို ဒီနေ့ဇန်နဝါရီ ၂၁ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်ခံရလို့ နှစ်ယောက်သေဆုံးကာ တယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
နောင်ချိုမြို့ပေါ် စည်ပင်ရုံးနဲ့ထွေအုပ်ရုံးတဝိုက်ကို လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပြီး အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက် သေဆုံးကာ နောက်ထပ် တယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စည်ပင်အဆောက်အဦးနဲ့ နေအိမ် အဆောက်အဦးတွေလည်းထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
” ၂ နာရီကျော်လောက်မှာလေယာဥ်ဗုံးကြဲသွားတာပါ။ နှစ်ကြိမ်လာကြဲသွားတယ်။ ထွေအုပ်ရုံးတဝိုက်ကအိမ်တွေထိတယ်။ တစညပါတီရုံးထိတယ်။ ခုသိရသလောက်အမျိုးသမီးတယောက်နဲ့ အမျိုးသားသေတယ်။ လင်မယားလို့လည်းပြောတယ်။ နောက်ထပ်ဒဏ်ရာရတဲ့ထဲမှာလည်း အမျိုးသမီးတယောက်ပါတယ်။ ဒဏ်ရာရတာကတယောက်မကဘူးလို့ သိထားတယ်။ အိမ်တွေလည်းထိတယ်။ “လို့ ဒေသခံကပြောပါတယ်။
နောင်ချိုမြို့ကိုတော့ TNLA နဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး TNLA ဘက်ကလည်း နစကမှလေကြောင်းတိုက်ခဲ့ကြောင်းပြောဆိုထားပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စည်ပင်ရုံးနဲ့နေအိမ်အချို့ပျက်စီးခဲ့သလို မီးလောင်ခဲ့တာကြောင့် PSLF/TNLA မီးသတ်ဌာနနဲ့ ပြည်သူတွေက ဝိုင်း၀န်းငြိမ်းသတ်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
နစကဘက်ကတော့ နောင်ချိုမြို့လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
၂၀၂၄ ခုနှစ် နိုဝင်ဘာလကလည်းနောင်ချိုမြို့၊ စျေးရပ်ကွက် နယ်မြေ ၁၀ ထဲမှာလည်း လေကြောင်းတိုက်ခိုက်ခံရပြီး လူခြောက်ယောက်ဒဏ်ရာရပြီး အိမ်ခြောက်လုံး ပျက်စီးခဲ့တယ်လို့သိရပါတယ်။
အောက်တိုဘာလထဲမှာလည်း နောင်ချို့မြို့မှာလေကြောင်းတိုက်ခိုက်ခံရပြီး လူသုံးယောက်သေကာ သုံးယောက်ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်၁၇လုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
စက်တင်ဘာလထဲမှာလည်း နောင်ချိုမြို့မှာလေကြောင်းတိုက်ခိုက်ခံရပြီး အဆောက်အဦး တွေထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW