သည်းခေါင် ကြွေလုပန်း

၈

 

 

 

ဆူးငှက်

 

ရွက်ကြွေ… မိုးစက်… မြေသက်နှင်းပန်း

 

ဤသို့ဖြင့် ရာသီအခါခါအလီလီ ပြောင်းပြန်လေတော့ ဘဝဆိုသော အတွေ့အကြုံကို ပျော်ရွှင်မှုနည်းနည်း ခါးသီးမှုများ စွာဖြင့် ကျော်ဖြတ်ရသောအခါ ‘ပန်းမြိုင်လယ်’ကို ကျွန်တော် မေ့လျော့နေတာ ကြာပါပြီ။ သို့ပေမယ့် ကြောင်းခြင်းရာများစွာဖြင့် ဖိစီးမှုတွေ ကြောင့် တစ်ခါတစ်ရံ ရှားပါးစွာ ညအိပ်ရာဝင်ချိန် ကက်ဆက်သံ တိုးတိုးလေးမှ တင်တင်မြ၏ ပန်းမြိုင်လယ်သည် ဘဝအမောကို ပြေနေဆဲဖြစ်ပါ၏။

 

‘အို… ဘုန်း မြင်တော်မူလှည့်ဦး၊ ကြော့ယဉ်မဆုံးငယ် ရွှေကေရှင်းသော်တာ လနန်းငွေတိမ်စင် ကြေးမုံပြင် သွင်မြသား’ ဟူသော အပိုဒ်ရောက်မှသာ ‘အို… ဘုန်း မြင်တော်မူလှည့်ဦး’ဟူ၍ ဘယ်ဆီဘယ်ဝယ်မသိ အော်ဟစ် တမ်းတချင်စိတ်ပိုမိသလို ငယ်လွမ်းစိတ်ဖြင့် လတ်ဆတ်သွားပြန်သည်။ မည်သို့ပင် လှုပ်ရှားရုန်းကန်ရစေ နက်ဖြန် နက်ဖြန်ဆို သော ပူပန်စိတ်ဟာ စိတ်အေးချမ်းဖွယ် နားခိုရာကို မရောက်ရဘဲ စိုးရိမ်မှုဆီတွန်းပို့လေတော့ ငြိမ်သက် ခံစားမှု ဆိုတာ မရှိလေတော့။ သို့တစေ အခါမလပ် စိတ်ကူးယဉ်မိသော ကိုယ်ပိုင် အဆောက်အအုံလေးကိုတော့ ‘ပန်းမြိုင်လယ်’လို့ ဆိုင်းဘုတ်လေး ချိတ်ချင်သေးသောစွဲလမ်းမှုက ရှိနေသေးသည်။ ငါးဆယ်ကျော် သက်တမ်းရှိပေမယ့် ပိုင်ဆိုင်မှုက စိတ်ကူးနှင့်ပင် ဖြစ်နိုင်စွမ်း မသေချာသောအခါ ပန်းမြိုင်လယ်လည်း ဝေး… ဝေး… ပေါ့။

 

ဤသို့ဖြင့် ပန်းမြိုင်လယ်ကို မေ့လျော့ဆဲ တစ်ခုသော နွေရာသီတွင် ကျွန်တော်တို့တစ်တွေ ခရီးထွက်ဖြစ်ကြသည်။ ကျွန်တော်တို့ဆိုတာ ကျွန်တော်၊ စာရေးဆရာ သိုက် ထွန်းသက်၊ စာရေးဆရာ ညိုထွန်းလူ၊ စာရေးဆရာ နေဝင်းမြင့်တို့ လေးယောက်ဖြစ်၏။ ကျွန်တော့် မိတ်ဆွေ ကိုအုန်းကြိုင်၏ ကား လေးနှင့် ကျွန်တော် တို့လေးယောက် ခရီးထွက်ဖြစ် ကြသော အခါ…

 

ထိုနံရောအခါ ငယ်ချစ်ဦး ပန်းမြိုင်လယ်သည် ရှင်သန် ထမြောက်ပြန်ပေါ့…။ ကုန်လွန်ခဲ့သော နှစ်၃၀ဝန်းကျင် ကာလက ပေါ့။

 

×××××         ×××××

ညောင်ပင်ကြီးဇက်ဆိပ်ကို မနက်စာလက်ဖက်ရည် သောက်အပြီး စောစောရောက်ခဲ့သော်လည်း ဟိုစောင့် သည်စောင့် နှင့် ညောင်ပင်ကြီးဘက်ရောက်တော့ မနက်ကိုးနာရီထိုးလုပြီ။ မတ်လလယ်၏ အညာနွေမို့ နေက ထန်းတစ်ဖျား မကတော့။ ဖုန် လုံးတွေ ဝေ့တက်လာသောချင်းတွင်းဆိပ်ကမ်းတွင် ကျွန်တော်တို့ ကိုယ်မှာ ခေþးဖြင့်နစ်နေပြီ။ သို့သော် အပူကို ရှောင်မရသည့်အတူ တူ ဖိုးဝင်းတောင်သို့ စောစောရောက်မှဖြစ်မှာမို့ မနားတော့ဘဲ ကိုအုန်းကြိုင်က သူ့ကားလေးကို ညောင်ပင်ကြီး ယင်းမာပင်လမ်း ပေါ်မှာ အသော့နှင်တော့၏။ မုံရွာဦးအံ့မောင်တို့ ပေးလိုက်သော ဖိုးဝင်းတောင် သမိုင်းအချက်အလက်တွေကို ရှေ့ခန်းမှ ကိုနေဝင်း မြင့်က အသံထွက်ဖတ်ရွတ်ဖတ်ပြနေသည်ကို လမ်းဘေးတစ် ဘက်တစ်ချက် ငေးကြည့်ကာ နားထောင်ရင်း ဖိုးဝင်းတောင်သို့ ရောက်ခဲ့ကြသည်။

 

ကျွန်တော် တို့သည် အများဘုရားဖူးများနည်းတူ ဖိုးဝင်း တောင်၊ ဖန်ခါးတောင်တို့ကို ကျော်ခဲ့ပြီးမှ ရွှေဘတောင်သို့ ဦးဆုံး ဝင်လိုက်သည်။ ထနောင်းပင်ရိပ်မှာ ကားလေးထိုးပြီး အာရုံခံဇရပ် ထဲမှ သောက်ရေအိုးကြီးဆီ အပြေးအလွှား သွားကာ အေးစိမ့်နေ သောရေကို အငမ်းမရသောက်ပြီးမှ ရွှေဘတောင်၏ ကျောက်ကြို ကျောက်ကြား၊ လိုဏ်ကြို လိုဏ်ကြား ဆင်းခဲ့၊ တက်ခဲ့သက်ခဲ့ ကြ၏။ ရာဇဝင်ရှင်းတမ်းလည်း နားထောင်။ သူရောင်းသော ရွှေဆိုင်း ကိုလည်း ဘုရားမှာ ကပ်လှူပူဇော်။ နိဗ္ဗာန်ဆော်၏ အလှူခံပုံးထဲ အလှူငွေထည့်၊ ဆုတောင်းသံ တစာစာ၊ ကြေးစည်သံတဝေေ၀ဖြင့် ရွှေဘတောင်ခရီးကို အဆုံးသတ်ပြီး ဖိုးဝင်းတောင်ဆီ ကားဦးပြန် လှည့်ကြ၏။

 

ဖိုးဝင်းတောင်၏ စောင်းတန်းဦးမှာ ကားထိုးတော့ ကို နေဝင်းမြင့်က တောင်ပေါ်မလိုက်နိုင်တော့။ သူ့ခန္ဓာကိုယ်နှင့် သူ့ဒူး မညီမျှမှုက တောင်တက်ဖို့ ခွင့်မပြုတော့။ ကျွှန်တော်တို့ လေးယောက်သား မျောက်စာ ရောင်းသူဈေးသည်တွေ တစ်အုပ်တစ် သင်းနှင့် ဖိုးဝင်းတောင်ပေါ် အသော့နှင်ကြသည်။ နေက မွန်းတည့် လုမို့ ပူသည်မှာ ဆိုဖွယ်မရှိ။ ဖိုဝင်းတောင်ပါ်က ဖန်ခါးပင်၊ သန်းပင်၊ ဒဟပ်ပင်များကလည်း သူ့ကိုယ်သူအနိုင်နိုင်။ သို့သော် တောင်ပေါ် လေကသွေးတော့ အေးသေးသပေါ့။

ဖိုးဝင်းတောင်အတက်စ ဈေးသည်တွေ၏ ‘ဟေ့ ဟေ့ ဟေ့’ခေါ်သံကြောင့် သုကျိတ်ဗာလီနွယ်တို့ အပင်ကြို အပင်ကြား ကျောက်တုံးကြိုကျောက်တုံးကြား ဘုရားကြိုဘုရားကြား တဂွီးဂွီး အသံပေးကာ တစ်အုပ်တစ်သင်း ရောက်လာပြန်၏။

 

နွားသိုးတောင်ထိပ်ဇရပ်လေးရောက်တော့ နိဗ္ဗာန်ဆော် ကြီးဆီက ရေတစ်ခွက်တစ်ဖလားတောင်းသောက်ကာ ဇရပ်ရှေ့ က တလင်းပြောင်ပြောင်အရိပ်တွင် ခြေပစ်လက်ပစ်ထိုင်ပြီး သုကျိတ်၊ ဗာလီနွယ်တို့အား ကျွေးမွေးခြင်း ဒါနပြုရတော့၏။ လူသံ မျောက်သံတအုန်းအုန်းပေါ့လေ။

 

ကျွန်တော် သည် မျောက်စာတောင်းလေး ကိုင်ကာ ဆရာမြသန်းတင့်၏ ‘ကျွန်တော်ဆက်၍ ရေးချင်သော ဝတ္ထုများ’ထဲ မှ သိန်းဖေမြင့်၏ သပိတ်မှောက်ကျောင်းသားကြီး ညိုထွန်းနှင့် မုံရွာဘူတာရုံထဲက တမာပင်ရိပ်လေးမှာ တွေ့ကြပုံကို သတိရနေ သည်။ ဆရာမြသန်းတင့်သည် ရွှေဘတောင်၊ ဖန်ခါးတောင်၊ ဖိုးဝင်းတောင်၏ တောလမ်း တလျှောက် တက်ခဲ့သက်ခဲ့ဆင်းခဲ့ပြီး ဗာလီ၏ တစ်ကိုယ်ကောင်းဆန်မှု၊ သုကျိတ်၏ အနစ်နာခံမှု၊ ကိုယ် ကျိုးစွန့်မှုတို့ကို သတိတရသုံးသပ်ပြသည်ကို အမှတ်ရနေသည်။ ထိုနှင့်တစ်ဆက်တည်း နောင်တော်ရာမမင်းအပေါ် ညီတော် လက္ခဏ သစ္စာစောင့်သိပုံ၊ ချစ်ခင်လေးစားပုံတွေကိုလည်း ဆင် ခြင်နေမိသည်။

 

ကြို့ပင်ခြေရင်းတွင် ပင်ပန်းလှစွာ အိပ်ပျော်နေသော နောင်တော်ရာမအား ပွေ့ဖက်ထားသည့် ညီတော်လက္ခဏ ၏ အချစ်ကို…

 

‘ကျောပြင်ထက်မှာ တောမှက်ခြင်ကြီး ကိုက်လိုက်တာ က မရိုက်ကယ်မှမနာ၊ နောင်တော်ရာမ နိုးမည်ပ စိုးလှသည်မှာ ပွေ့ဖက်ခါတည်း’ဟု ဆိုထားသည် မဟုတ်လား။

 

ကျွန်တော်တို့သည် နွားသိုးတောင်ထိပ်မှာ အချိန် အတော်ကြာနားပြီးမှ တောင်ခြေသို့ဆင်းခဲ့ကြသည်။ တောင်ခြေရှိ ကားဆီရောက်တော့ မွန်းလွဲနေပြီ။ လေပွေနှင့်အတူ အပူက ခပ် စပ်စပ်ရိုက်နေ၏။ မတတ်နိုင်။ ခရီးကဆက်ရဦးမည်။ ထို့ကြောင့် ကားလေးထဲ ပစ်ခတ်ဝင်ထိုင်ကြကာ စက်နှိုးထွက်ခဲ့ကြတော့၏။

 

ယင်းမာပင်လမ်းမဆီ ထွက်သော ဖိုးဝင်းတောင်လမ်းခွဲ လေးက  တောင်ခြေအတိုင်း လျှိုလေးတွေ ချပ်လေးတွေ၊ သဲ ချောင်းလေးတွေကို ဖြတ်၏။ သစ်ရိပ်ဝါးရိပ်မရှိ။ ဘေးတစ်ဘက် တစ်ချက်မှာ ကန္တာရအပင်လေးက ရင်စို့သာသာ။ အကိုင်းချည်း သက်သက် အရွက်မရှိ။ ပင်ခြေမှာ ရွက်ဝါေýက အပုံအပင်။ တော မီးအကြွင်းအကျန်က ရွက်ဝါကြွေတွေကို မီးရှို့ထားသည်။ ရိုးတံ ကျိုးကျဲ ကန္တာရပင်တွေကြားမှာ မိုးနှံပင်လေးတွေက စိမ်းနုဝတ်ရုံ ဖားဖားဝတ်ကာ ခေါင်းမော့နေ၏။ သူတို့ကြည့်ရတာ မျက်စိအေးစ ရာ။

 

ကားလေးပေါ် ပါလာသူအားလုံး ခြောက်သွေ့ငြီးငွေ့ဖွယ် ပတ်ဝန်းကျင်တွင် ငိုက်မြည်းနေကြပုံရ၏။ အားလုံးတိတ် ဆိတ်နေကြသည်။ ကားလေး၏ စက်သံသာ ဂီယာအပြောင်းအလဲ အရွှေ့မှာ သံစဉ်ပြောင်း ငိုငြီးပုံရသည်။ ထိုစဉ်မှာပင် ကားရှေ့ခန်း က ကိုနေဝင်းမြင့်က ဘယ်လိုခံစားချက်တွေ ရလာလေသည်မသိ။ သူ့အသံဝါကြီးဖြင့် သီချင်းတစ်ပုဒ်ကို ခပ်ကျယ်ကျယ် ဟစ်ဆိုလိုက်လေသည်။

 

သီချင်းသံကြားတော့ ကျွန်တော် ဖျတ်ခနဲမျက်လုံးကျယ် လာကာ ဝေဒနာတစ်ရပ်က ရင်ဝဆောင့်ဝင်လာ၏။ သူဆိုလိုက်ပုံ က…

 

‘တောင်ယံလယ်ကြော မြိုင်နယ်စုံ

ခိုင်ရွှေညှာနွဲ့ မာလာမှုန်

တောင်ယံလယ်ကြော မြိုင်နယ်စုံ

ခိုင်ရွှေညှာနွဲ့ မာလာမှုန်

ညှင်းလေသွေးငယ် သွင်းေüခ

အေးတယ်

ဆင်းရွှေသွေးလှယ် မွှေးကြိုင်ထုံ

သင်းပျံ့ကြူ ခိုင်ပန်းရွှေမဉ္ဇူ…’တဲ့။

တကယ်တော့ ကျွန်တော်တို့ရောက်နေသည့် ဖိုးဝင်းတောင်ခြေက ‘တောင်စွယ်မှော်ရုံကြော’လည်းမဟုတ်။ ‘ယဉ်ရေ ခင်းငယ် ဆင်းကြည်သွန်’လည်းမရှိ။ သို့သော် ကိုနေဝင်းမြင့်က –

‘တောင်ယံလည်ကြော့ မြိုင်နယ်စုံ’က ကြားဖြတ်ကာ ပန်းမြိုင်လယ် ဖရိန်းဂျားကြီးကို ဆွဲဆွဲငင်ငင် ဆိုလိုက်တော့…

 

ဒီ့ပြင်လူတွေတော့မသိ။ ကျွန်တော်ကတော့ ကျောက် တောင်ကတုံးတွေကြည့်ရင်း  ကန္တာရပင်ခြောက် တွေကြည့်ရင်း မိုး နှံပင်လေးတွေ ကြည့်ရင်း သန်း၊ ဒဟပ်ပင်တွေကြည့်ရင်း ယင်းမာ ပင်လမ်းပေါ်က အုတ်ရေအိုးစင်လေး ကြည့်ရင်း၊ ညောင်ပင်ကြီး ယင်းမာပင် ကတ္တရာလမ်းပေါ်က ကုက္ကိုပင်ကြိးတွေကြည့်ရင်း၊ အစေးပေါက် ကတ္တရာတွေမှာ ကပ်နေသည့် ကုက္ကိုပွင့်ဝါဝါတွေကို ကြည့်ရင်း ပျောက်ကွယ်သွားသော ကြေးစင်တောင်၊ စပယ်တောင် တို့ကို လွမ်းဆွတ်ရင်း၊ အထစ်ထစ်ခုတ် လှီးခံထားရသော လက်ပန်းတောင်းတောင်ကို ရင်နာစွာငေးကြည့်ရင်း…၊ ဘဝကားချပ် တွေကို တဖျတ်ဖျတ် မြင်ယောင်နေမိသည်။ ဒီလို သတိရမိတာက လည်း ‘ပန်းမြိုင်လယ်’ကြောင့် မဟုတ်ပါလား။

 

‘… မြင်တော်လာဘဲငယ်နှင့်သာ

ကွဲကြေပူဗျာပုံ မှော်ရုံနန်း စံတော်ရာ

မျှော်ကာမြင်သေးဆိုယောင်

သားငယ်ဘယ်မှာ ဆည်နိုင်အောင်ကို

လွမ်းဝှန် ထက်ပို ဆွေးညွတ်ပြို…’ဟူသော အပိုဒ်ကို ရောက်တော့ ကိုနေဝင်းမြင့်၏ အသံဝါကြီးမှာ မျက်ရည်တစ်စို့ ဝေ့ တက်လာ၏။

 

ကြောင့်ကြမဲ့ ငယ်ဘဝလွမ်းစိတ်တွေလား…။

အနေဝေးနေသည့် မိသားစုဘဝတွေကြောင့်လား…။

ဗလာဆိုင်းနားထောင်ခဲ့ရသည့်

မန္တလေးညတွေကိုလား…။

 

ဂန္ထဝင်ဖြစ်သွားသည့် ကိုယ်ကျိုးစွန့်အနစ်နာခံမှုဆို သည်ကိုလား…။

ပွဲခင်းတွေနှင့် အငြိမ့်စင်ကိုလား…။

ပါးလျားနေသည့် မောင်နှမသားချင်း အချစ်စိတ်တွေ ကြောင့်လား…။

ဒါမှမဟုတ်…။

ဆရာမြသန်းတင့်၏ ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများကိုလား…။

 

သေချာတာကတော့ သန်း၊ ဒဟပ်၊ ရှားစောင်း၊ ထနောင်းမြေမှာ ဖြတ်သန်းနေရသည့် ထိုနွေနေ့လယ်တွင် ပန်းမြိုင်လယ်ကို ပြန်လည် ခံစားလိုက်ရသည်မှာ ဘယ်သောအခါမျှ မေ့ရမှာ မဟုတ်တော့…။ အခုတော့ ထိုခံစားချက်မျိုး သာမက ထိုသို့သော ရုပ်ဝတ္ထု၊ ထိုသို့သော ပတ်ဝန်းကျင၊် ထိုသို့သော အခြေအနေ၊ ထိုသို့သော ငယ်လွမ်းဝေဒနာတွေ ခံစားနိုင်မည့် ရှင်းသန့် စိတ်အစဉ်တို့ ပျက်သုဉ်းပျောက်ကွယ်ပြန်ပြီပေါ့။ ‘သည်းခေါင်ကြွေလုပန်း’ဟု ဆိုရမလို။       ။

 

ဆူးငှက်

 

#voiceofmyanmar #VOM # ဆူးငှက် #သည်းခေါင်ကြွေလုပန်း  #ဖိုးဝင်းတောင်

Related posts

Leave a Comment

VOM News

FREE
VIEW