ဇန်နဝါရီ ၂၃ – ၂၀၂၅
SN (VOM)
ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နစကတပ်နဲ့ ချင်းညီနောင်နဲ မဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ကာ ဖလမ်းမြို့ကို ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိမှာတော့ ဖလမ်းမြို့ရှိ ခြေလျင်တပ်ရင်း (ခလရ – ၂၆၈) လက်အောက်ခံ တပ်ကုန်းစခန်းကို တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
“အခုဆို တိုက်ပွဲက နှစ်လကျော် ကြာနေပြီပေါ့။ ချင်းညီနောင်ဘက်ကလည်း ထိုးစစ်အရှိန်မြှင့်ထားသလို နစကဘက်ကလည်း ဖလမ်းမြို့ မပေးရရေး လေကြောင်းပစ်ကူတွေနဲ့ပါ ကာကွယ်နေတယ်။ ဒေသခံတွေကတော့ မြို့ပေါ်မှာရော၊ မြို့နားကရွာတွေမှာပါ မနေရဲကြတော့ဘူး။ အကုန်လုံးလိုလို ဘေးလွတ်ရာကို ရှောင်နေကြရတယ်။ မြို့ထဲမှာ ဘယ်မှ မသွားနိုင်၊ မလာနိုင်တဲ့ သက်ကြီး၊ နာမကျန်းနဲ့ အိမ်စောင့်တွေလောက်ပဲ ကျန်ခဲ့တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လူဦးရေ တသောင်းဝန်းကျင် နေထိုင်တဲ့ အဲဒီမြို့မှာ တိုက်ပွဲတွေကြောင့် ဒေသခံအားလုံးနီးပါးဟာ နီးစပ်ရာ ကျေးရွာတွေအပြင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နဲ့ ဟားခါး၊ ကလေးမြို့တွေဘက်ကို တိမ်းရှောင်လျက်ရှိကြသလို ရန်ကုန်အထိ တိမ်းရှောင်သွားကြတဲ့သူတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။
“စစ်ရှောင်အများစုက ကလေးမြို့ကို ရှောင်ကြတာပိုများတယ်။ ဆွေမျိုးတွေအိမ်မှာ ကပ်ပြီးနေနေကြတဲ့သူတွေလည်း ရှိတယ်။ နေစရာမရှိတဲ့သူတွေကတော့ အိမ်ငှားနေကြရတာပေါ့။ အိမ်ငှားခတွေဆိုတာလည်း စစ်ရှောင်တွေ များလာတာနဲ့အမျှ တရိပ်ရိပ်တက်နေတာ။ တန်းလျားလို အခန်းတွဲ၊ အခန်းကျဉ်းလေး၊ ၁၀ ပေပတ်လည် တခန်းကိုတောင် ရှစ်သောင်းကနေ တသိန်းလောက်အထိ ပေးရတယ်။ အရင်ကတော့ ငါးသောင်းလောက် ရှိတာ။ အခုမှ ဈေးတက်သွားတာ။ ဒါပေမယ့် ဈေးကြီးလည်း နေစရာမှမရှိတာလေ။ ငှားကြရတာပါပဲ။ စစ်ရှောင်တွေကများတော့ လွတ်တဲ့အခန်းတောင် မရှိသလောက်ဘဲ” လို့ သူက ပြောပါတယ်။
အရင်က တလကို ကျပ် ငါးသောင်းဝန်းကျင်နဲ့ ငှားရမ်း နေထိုင်နိုင်တဲ့ သစ်သားပျဉ်ထောင်အိမ် အသေးတွေကတော့ လက်ရှိမှာ ကျပ် တသိန်းခွဲလောက်အထိ ဈေးပေါက်နေသလို ပျဉ်ထောင်နှစ်ထပ် လုံးချင်းအိမ်ဈေးကတော့ အရင် သုံးသိန်းဝန်းကျင်ကနေ အခု ခြောက်သိန်းဝန်းကျင်အထိ ဈေးနှစ်ဆလောက် မြင့်တက်လာတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ကလေးမြို့ပေါ်မှာ ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတာကြောင့် စစ်ရှောင်တွေအတွက် စားဝတ်နေရေး ပိုမိုခက်ခဲလာနေပြီး အကူအညီ များစွာ လိုအပ်လျက်ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ချင်းညီနောင်တပ်ဖွဲ့ဟာ ဖလမ်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးရုံး၊ မြို့နယ်ရဲစခန်း၊ ခရိုင်ရဲစခန်း၊ ဆောက်လုပ်ရေးရုံး စတဲ့ နေရာတွေကို ထိန်းချုပ်ထားတယ်လို့ သိရပြီး နောက်ဆုံး လက်ကျန်ဖြစ်တဲ့ ခလရ – ၂၆၈ လက်အောက်ခံ တပ်ကုန်းစခန်းကိုတော့ မနေ့ ဇန်နဝါရီ ၂၂ ရက်မှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိ ဖလမ်းမြို့နယ်ရဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော ချင်းညီနောင်ဘက်ကပါ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ကာ မင်းတပ်နဲ့ ဖလမ်းမြို့တို့ကို Operation CB အမည်နဲ့ စစ်ဆင်ရေး ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး တလကျော်အကြာ ဒီဇင်ဘာ ၂၁ ရက်နေ့မှာတော့ မင်းတပ်မြို့က နောက်ဆုံးကျန်ရှိတဲ့ အမှတ် (၂၇၄) ခြေလျင်တပ်ရင်းကို သိမ်းပိုက်ကာ မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာတော့ ဖလမ်းမြို့ကို ဆက်လက် ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ