ZY(VOM)
ဇန်နဝါရီ ၂၃၊ ၂၀၂၅
မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့မှာ အခုဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်တဲ့ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနဲ့ ပင်းတယမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဆု သုံးဆုအနက် ဆု နှစ်ဆု ရရှိခဲ့တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
အဲဒီဖိုရမ်မှာ အာဆီယံလူထုအခြေပြု ခရီးသွားလုပ်ငန်းဆု၊ အာဆီယံ Spa ဝန်ဆောင်မှုဆု၊ အာဆီယံအများသုံး သန့်စင်ခန်းဆုဆိုပြီး ဆုအမျိုးအစား ၃ခုရွေးချယ်ချီးမြှင့်မှာဖြစ်တာကြောင့် အာဆီယံလူထုအခြေပြု ခရီးသွားလုပ်ငန်းဆုအတွက် ပင်းတယမြို့နယ်၊ ဆီးကျအင်းကျေးရွာရှိ CBT၊ အာဆီယံ Spa ဝန်ဆောင်မှုဆုအတွက် Jasmine Taunggyi Hotelရှိ Jasmine Spa၊ အာဆီယံအများသုံး သန့်စင်ခန်းဆုအတွက် တောင်ကြီးမြို့၊ စူဌာမုနိဘုရားရှိ အများသုံးသန့်စင်ခန်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“တောင်ကြီးက ဟိုတယ်နဲ့ ခရီးပြည်နယ်ရုံးက အာဆီယံစံနှုန်းနဲ့ အနီးကပ်ဆုံးကိုက်ညီမှုရှိတဲ့ လုပ်ငန်းတွေကို ရွေးပြီး လျှောက်ပေးခဲ့တာပေါ့။ အဲဒီထဲကနေ ဆု ၂ဆုရတယ်လို့ ၂၀ရက်နေ့ကပဲ အကြောင်းကြားလာပါတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဆုတွေအနက် အာဆီယံလူထုအခြေပြု ခရီးသွားလုပ်ငန်းဆုအတွက် ပင်းတယမြို့နယ်၊ ဆီးကျအင်းကျေးရွာရှိ CBT၊ အာဆီယံအများသုံး သန့်စင်ခန်းဆုအတွက် တောင်ကြီးမြို့၊ စူဌာမုနိဘုရားရှိ အများသုံးသန့်စင်ခန်းတို့က ဆုရရှိခဲ့ပြီး ဆုတွေကို ကိုယ်တိုင်တင်ရောက်ရယူလိုပါက မိမိစရိတ်နဲ့ တက်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။
မတက်ရောက်နိုင်ပါက အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်ကို တက်ရောက်မယ့် ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန၊ ကိုယ်စားလှယ်အဖွဲ့က လက်ခံရယူကာ ရှမ်းပြည်နယ်ကိုပို့ဆောင်ပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ-gg