ဆူးငှက်
လွန်ခဲ့တဲ့ ၂၀၀၀ခုနှစ်ဝန်းကျင် ကာလက မန္တလေး မြို့မတူရိယာအသင်းဟာ ရှမ်းပြည်နယ်ရှိ မျက်နှာကြီး မင်္ဂလာဆောင် တစ်ပွဲကို သွားပြီး ဧည့်ခံရတယ်။ ဒီပွဲမှာ ရန်ကုန်က ခေတ်ပေါ်ဂီတဝိုင်းတစ်ဝိုင်းလည်း ပါဝင်တယ်။ ရန်ကုန်က ခေတ်ပေါ် ဂီတသမားတွေက အဲဒီကျမှ မြို့မ ဆိုတာကို နဖူး တွေ့ ဒူးတွေ့ ဆုံရ၊ သိရတာကိုး။ ဒီတင် ဂီတဝိုင်းရဲ့ မန်နေဂျာကမြို့မတူရိယာအသင်းရဲ့“လက်ရေ တပြင်တည်း”သီချင်း သီဆိုတီးမှုတ် တာကို ကြားရတော့ ကြက်သီးမွေး ညင်းထပြီး အံ့အားတသင့်ဖြစ်ကာ သဘောကျနှစ်ခြိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အလားတူပါပဲ။ ဒီ့အရင် လွန်ခဲ့တဲ့ ၁၉၉၅ခုနှစ် လောက်ကလည်း ရန်ကုန်က ရုပ်ရှင်ဒါရိုက်တာကြီးတစ်ယောက် ကျွန်တော့်အိမ် ရောက်လာတော့ မြို့မတူရိယာအသင်းက “ကြားဖူး ကြရဲ့လားဗျို့”ဆိုတဲ့ သီချင်းကို မန္တလေးရောက်ခိုက် ကြားလိုက်ရချိန် တုန်လှုပ် သွားလောက်အောင် အံ့သြပြီး ကြိုက်နှစ်သက်ရပါ သတဲ့။ ဒါကြောင့် မြို့မတူရိယာအသင်းနဲ့ Live Show ရိုက်ချင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီကာလ Live Show တွေ ခေတ်မစားသေး တော့ စိတ်ကူးမှာ တင်ရပ်ခဲ့ပါတယ်။
ဒီနေရာမှာ ပြောချင်တာက ဒီသီချင်းတွေကို မြို့မကဆိုတာတီးတာတွေ ကျွန်တော်တို့ မန္တလေး သားတွေအဖို့တော့ မဆန်းဘူးပေါ့။ ပြောကြစတမ်း ဆိုရင် မွေးကတည်းက ကြားခဲ့ရတာကိုး၊ ““ကြားပါ များတော့ ယဉ်၊ မြင်ပါများတော့ ရိုး””နေတာကိုး။ အခုမှ ကြားဖူး မြင်ဖူးသူများမှာတော့ “အဖိုးတန် ရတနာ”တစ်ပါးပဲပေါ့။
ကောင်းပါပြီ ..။ အခုမှ ကြားဖူးသူတွေက “လက်ရေတပြင်တည်း”နဲ့ “ကြားဖူးကြရဲ့လားဗျို့”ဆို တဲ့ သီချင်းတွေမှာ ဘာလို့ “ခိုက်”သွားကြသလဲ။ နားလည်လွယ်အောင် ပြောရရင် “ဟတ်ထိ”သွား ကြသလဲဆိုတာ တွေးကြည့်ဖို့ကောင်းပါတယ်။ ဒီ သီချင်းတွေကို မန်္တလေးသားတွေလည်း ကြားကြ တာ ရိုးနေပြီပဲ။ ဒါပေမဲ့ သီဆိုသူပေါင်းများစွာမှာ “မြို့မ”နဲ့မှ လိုက်ဖက်ပြီး “ခိုက်”သွားရတဲ့ အဆိုတော် တွေကို ပြန်စစ်ထုတ်ကြည့်ရပါမယ်။ ကျွန်တော်တို့ သိမီတာကတော့ မြို့မအဆိုတော်ကြီး ဦးသိန်းတန် နဲ့ ဦးဖူးအံ့တို့ပါပဲ။ ဒီနှစ်ယောက်က မြို့မရဲ့ အဆို့အပိတ် ဒိုးဆစ်တွေပါတဲ့ မြန်မာသံသီချင်း စစ်စစ်တွေနဲ့ အလွန်လိုက်ဖက်ပါတယ်။ သူတို့ရဲ့ ပီသတဲ့အသံထွက်နဲ့အတူ ခံ့ညားတဲ့အသံကြီးတွေ ကြောင့်ပါ။ ပြီးတော့ တစ်မူထူးတဲ့ ဆိုဟန်ဆိုပေါက် တွေကြောင့်ပါ။
ရှေးရှေးက မဟာဂီတသီချင်းတွေ ကို သီဆိုကြတဲ့ဆရာကြီး ဆရာမကြီးတွေဟာ ဆိုဟန်ဆိုပေါက်တွေက အငေါက်အငန်းတွေနဲ့ တောက်တောက်ခါးခါး ပြတ်ပြတ်သားသားရှိကြရ ပါတယ်။ ဒီလိုမျိုးဆက်မျိုးက ပေါက်ဖွားကြီးပြင်း ခဲ့ကြသူများမို့ “ဟန်”နဲ့ “မာန်”နဲ့ “ဌာန်”နဲ့လို့ ပြောရပါ မယ်။ ရှေးရှေးမဟာဂီတသီချင်းတွေကို တီးမှုတ်ကြ တဲ့ ဆရာ့ဆရာကြီးများကလည်း သူတို့ တီးလုံး တီးကွက်တွေမှာ ဟန်တွေ၊ မာန်တွေ၊ အဆို့တွေ၊ အပိတ်တွေ၊ အဆစ်တွေ၊ အသွားတွေ ပါပါတယ်။ “မြို့မ”ရဲ့ ထီးချက်စောင့် နတ်ကြီးတွေကလည်း ရွာစားကြီးစိန်ဗေဒါ ဆိုင်းရှိရာ တစ်ကောက်ကောက် လိုက်ပြီး မဟာဂီတတီလုံးတီးကွက် စိန်ဗေဒါကြီးရဲ့ ခေတ်ဆန်းတီးလုံးတီးကွက်၊ အဆို့အပိတ်၊ အဆစ်၊ အသွားတွေကို နာယူပြီး “မြို့မ”ရဲ့ တီးလုံးတီးကွက် တွေ အသက်သွင်းကြတာကိုး။ ဒီတော့ မြို့မရဲ့ လက်ဟောင်းတေးတွေဖြစ်တဲ့ “လက်ရေတပြင် တည်း”တို့၊ ”ကြားဖူးကြရဲ့လားဗျို့” တို့မှာ ဒီလို တီးလုံးတီးကွက်တွေနဲ့ ဝိုင်းဖွဲ့ထားတယ်။ ဒီလို သီချင်းကို မဟာဂီတ ဆိုဟန်ဆိုပေါက်နဲ့ ဦးသိန်း တန်တို့၊ ဦးဖူးအံ့တို့က ဆိုလိုက်တော့ “နေခြည်နဲ့ အသား၊ ရွှေစီတဲ့ ပတ်္တမြား၊ ပနံစားတယ်”ဖြစ်သွား တာပါပဲ။ ဂရုစိုက်နားထောင်ကြည့်ရင် အဆိုတော် ကြီး မာမာအေးကလည်း ဒီသီချင်း နှစ်ပုဒ်ကို မြို့မ နဲ့ပြန်သီဆိုတော့ သူ့ ချိုနွဲ့နွဲ့အသံအစား၊ အပစ် အခတ်၊ အတောက်အစားတွေနဲ့ ခပ်ငေါက်ငေါက် သီဆိုထားတာ တွေ့ရပါမယ်။ ကဲ ..ထားပါတော့။
မြို့မမှာ အလားတူ အပီအပြင် ဆိုရမယ့် အခြားသီချင်းတွေရှိတယ်။ ပဉ္စသိင်္ခ၊ လက်ဝဲသုန္ဒရ၊ အောင်ပင်လယ်၊ ရွှေမိုးညို၊ ရှုမဝလူပျိုသိုး၊ အိုလံ ပစ်၊ ရွှေဗဟိုစည်သံ၊ မြန်မာ့ဂုဏ်ရည်၊ ကျောင်း၊ တကြိုက်တည်းကြိုက် စတာတွေပါပဲ။ ဒီတော့ .. ဒီတီးလုံး၊ ဒီအဆိုတော်၊ ဒီသီချင်းတွေနဲ့ “မြို့မ” ဟာ မြန်မာတွေနားမှာ “ချိုအီ၊ ချိုအီ”ဖြစ်ပြီး စွဲမက်ခဲ့ကြ တာပါ။ “တီးလုံးဆန်းရဲ့ ပါရဂူ၊ မြို့မကြီးရဲ့ အတီး ကို နှစ်သက်သူ”တွေဖြစ်ကြတာပါပဲ။ ဒါဟာ ..မြို့မဟန်ပါ။ မြို့မမူပါ။ ဒီမူ ဒီဟန်ကို မြို့မ အဆိုတော်၊ မြို့မအသင်းသားတွေက လေးလေး နက်နက် လိုက်နာလက်ခံကျင့်သုံးကြရပါတယ်။ ကျင့်သုံးအပ်ပါတယ်။ မြို့မမှာ ဦးသိန်းတန်နဲ့ ဦးဖူးအံ့ ကျန်းကျန်းမာမာရှိစဉ်မှာပဲ ဒီပုဂ္ဂိုလ်ကြီးများ မူဟန်အတိုင်း ဖဝါးခြေထပ်လိုက်ပါ။ ရယူနိုင်သူ တစ်ဦးပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၇၀ကျော်ကာလ လောက်ကတည်းကပေါ့။ ဒီ ..လူငယ်အဆိုတော် လေးဟာ “ထိပ်တင်ဆန်း”ဆိုသူပါပဲ။ ထူးထူးခြားခြား နာမည်နဲ့မို့ မှတ်သားရလွယ်ကူတယ်။ အဲဒီကာလ မန္တလေးရဲ့အလှူပွဲ၊ ဘုရားပွဲ၊ ကထိန်ပွဲတွေရဲ့ည ဧည့်ခံမှာ မြို့မတူရိယာအသင်းပါရှိရင် “ထိပ်တင် ဆန်း”ကိုမျှော်လင့်ကြရတယ်။ နာမည်ကျော် “မြို့မ” စင်ပေါ်က အရွယ်ကောင်း၊ ရုပ်ရည်ရှိ လူငယ် အဆိုတော်တစ်ယောက်မို့လည်း “ထိပ်တင်ဆန်း” က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့တယ်။
ဒါကြောင့်လည်း နောက် ပိုင်း မန္တလေးမှာ ဗီဒီယိုရုပ်ရှင် ကားတွေ အပြိုင်အဆိုင် ရိုက်ကူးကြတော့ မြို့မ ပင်တိုင်အဆိုတော် “ထိပ်တင်ဆန်း”ကိုလည်း မျက်စေ့ကျသူတွေ ရှိတယ်။ သူကိုယ်နှိုက်ကလည်း “ညိုမြ”ဖြစ်တာလည်း ပါတာ ပေါ့။ ကျွန်တော့်လို “မြို့မ”ပရိသတ်တွေက သူ့ကို စင်မ ပြောင်းစေချင်ဘူး။ ဒါပေမဲ့ တော်ပါသေးရဲ့ သူ စင် မပြောင်းရှာဘူး။ မပြောင်းဆို အဲဒီအချိန် မြို့မရဲ့ ပင်တိုင် အဆိုတော်ငယ်ငယ် ချောချော ကလေးနှင့် သံယောဇဉ်ညိပြီး မြို့မနှင့် မခွဲမခွာ ရှိနေစေခဲ့ တာကိုး။
ဒီလိုနှင့် ခေတ်တွေ ပြောင်းသွားတယ်။ မပြောင်း လဲတာက မြို့မမှာ ထိပ်တင်ဆန်းရှိနေခြင်းပါပဲ။ အခြေ အနေအရ ခေတ္တခဏမြို့မက ခွဲခွာပြီး စားဝတ်နေရေးအတွက် “ဂီတဝန်ထမ်း” ဖြစ်ရလည်း တစ်ခဏပါပဲ။ ဘယ့်နှယ် အသွေး အရောင်ချင်းမှ မတူတာ။ “မြို့မ”ဆိုတဲ့ Logo တံဆိပ်ကြီးနဲ့ယှဉ်ပြီး “ထိပ်တင်ဆန်း”မပါလို့မှ မဖြစ်တာ။ သင်္ကြန်မှာလည်း ငွေငန်းအလှပြ ယာဉ်ကြီးပေါ် “ထိပ်တင်ဆန်း”ပါမှ ပိုပြီးပြည့်စုံ တဲ့ဥစ္စာ။ ဒီလိုဖြစ်နေရတာကလည်း မြို့မရဲ့ လက် ဟောင်းကြီးတွေ ဦးသိန်းတန်တို့၊ ဦးဖူးအံ့တို့ အမွေကို “ထိပ်တင်ဆန်း”ကပဲ ရခဲ့လို့ဥစ္စာ။ အခြား မြို့မမှာ နှစ်ရှည်သီဆို၊ ရွှေမြို့တော် ရန်ကုန်ဆီ ရေကြည်ရာ မြက်နုရာထွက်သွားကြသူတွေ။ မြို့မ ပြန်မလာလည်း အရေးမကြီး ပေါင်းရနေတာပဲ ဥစ္စာ။ ဒါပေမယ့် မြို့မမှာ “ထိပ်တင်ဆန်း”မပါ ရင် ဆားမပါတဲ့ ဟင်းလို ဖြစ်ခဲ့ရတဲ့ဥစ္စာ။
ဒါကြောင့် မြို့မစိန်ရတုပွဲမှာ “ထိပ်တင်ဆန်း” နဲ့မှ ပြည့်စုံသွားတာပဲ မဟုတ်လား။
ထိပ်တင်ဆန်းကို မြို့မစိန်ရတုပွဲပြီးတဲ့နောက် နန်းရှေ့ နန်းဦးလွင်က မိသားစု လက်ဖက်ရည်ဆိုင်လေးမှာ မနက်တိုင်းဆုံဖြစ်တယ်။ အဲဒီကျမှ သူနဲ့ စကားတွေပြောဖြစ်တယ်။ အလိုလေး ..သူ့ အသွေးအသား သူ့အချိန်စက္ကန့်တိုင်းမှာ မြို့မချည်း ပါလား။ သူနဲ့စကားပြောရင် အခြားအကြောင်း မပြောနဲ့၊ မြို့မပဲပြော။ ဒီလို။ တစ်နှစ်သ၌ မြို့မ Live Show ဆိုပြီး ရန်ကုန်သွားရိုက်ကူး၊ ခွေထုတ် လာတော့ သူက ကျွန်တော့်ကို မြို့မတံဆိပ်ပါတဲ့ ကီးချိန်းလေးတွေရော၊ ခွေ နှစ်စုံရော လက်ဆောင် ပေးတယ်။ ကျွန်တော်က ခွေမရခင်ကတည်းက ဒီခွေတွေအပေါ် အခဲမကျေ ဖြစ်နေတာ။ ဒီတော့ အခဲမကျေကြောင်းလည်း ပြောဖြစ်၊ စာတစ်တန် ပေတစ်တန်လည်း ရေးဖြစ်ခဲ့။ ကျွန်တော်တို့ အခဲ မကျေတာ..ဒီခွေမှာ မြို့မသီချင်းတွေချည်း မဟုတ်လို့ပါပဲ။ အစွဲကြီးတယ်ပြောပြော၊ မြို့မကို မြို့မသီချင်းချည်းပဲ မြို့မအဆိုတော်တွေ (အထူး သဖြင့် ထိပ်တင်ဆန်း အများဆုံးဆိုပြီး) ထုတ်စေချင် တာကိုး။ သူ့အတွက်နာလို့၊ မြို့မအတွက်နာလို့ အခဲမကျေတာ။ ဒါပေမဲ့ ထိပ်တင်ဆန်းမှာ မြို့မကို မကောင်းပြောလို့၊ ရေးလို့၊ ကျွန်တော့်ကို အခဲမကျေ တာ။ ထိပ်တင်ဆန်းဆိုတာ မြို့မကို အဲသလောက် ချစ်တာ။ “မိသားစုလက်ဖက်ရည်”ဆိုင်မှာ ကျွန်တော်တို့နှင့် ထိုင်နေကျစားပွဲကို မထိုင်ဘူး။ သူ စိတ်ကောက်တာ။ အဲသလောက် မြို့မကိုချစ်တာ။ ဘာလုပ်လုပ်“မြို့မ”လုပ်တာ အကောင်းချည်းပဲ။ မြို့မကို အပြစ် မဆိုရ။ အဲလိုမျိုး ..။
အဲဒီကာလမှာပဲ။ တစ်ရက်သ၌ သူ ကျွန် တော့်ကို နှစ်ယောက်တည်း တိုးတိုးလေးရင်ဖွင့် ရှာတယ်။ နှစ်နာရီလောက် ကြာတယ်။ မြို့မ အကြောင်းမှလွဲ၍ ကျန်တာမပြောတတ်တဲ့ သူ့ခမျာ ရင်ဖွင့်တာက မြို့မအကြောင်း မဟုတ်ရှာဘူး။ သူ မျက်ရည်တွေကျရှာတယ်။ မြို့မကြောင့် မဟုတ်ရှာဘူး။ သူ့ကိုယ်ရေးကိုယ်တာ ကိစ္စ ဖြစ်နေရှာတယ်။ ကျွန်တော်တို့ကော ဘာများ တတ်နိုင်မှာလဲလို့ပဲ ငြီးတွား စိတ်မကောင်းဖြစ်ရတာပါပဲ။ ဒီ့နောက် သူ့ ကျန်းမာရေးက ချူချာနေတာ သတိထားမိ။ တွေ့တိုင်း လက်ဝါးထဲမှာ ဆေးတွေ တစ်ဆုပ်တစ်ခဲကို ရေနဲ့မျောချ။ ဒီလိုနဲ့ …
ကျွန်တော်မြို့မနဲ့ စီးရီးတစ်ခွေ စီစဉ်ဖြစ်တယ်။ မိတ်ဆွေကြီးဦးသိန်းလွင်(အဆိုတော် အေးလွင်အောင်)က ထုတ်လုပ်တာပါ။ “ဆိုတီးကြ၊ မြို့မ မောင်တွေ” စီးရီးပါ။ ဒီစီးရီးမှာ “ထိပ်တင်ဆန်း”က မပါမဖြစ်ပါ။ သူနဲ့လိုက်မယ့် သီချင်းတွေကို ဂီတမှူး ဦးရွှန်မြိုင်(မြို့မ)နဲ့ စီစဉ်ထားတယ်။ “၈၀ပေါ် တေး ထပ်”နဲ့ “စစ်ထွက်စာဆို”သီချင်းနှစ်ပုဒ် …
၅၈လမ်းက စတူဒီယိုမှာ သူ့အလှည့်အသံ သွင်းဖို့ အကြမ်းဆိုတော့ သူ့အသံမထွက်ဘူး ဖြစ်နေတယ်။ ဒီတင်မန်နေဂျာ ကိုဆန်နီက ကျွန်တော့်ကို တိုးတိုးကပ်ပြောတယ်။ “ဂီတမှူးကို ခွင့်တောင်း ပေးပါ”တဲ့။ ကျွန်တော် သဘောပေါက်သွားတယ်။ သူ့ကို ဆေးတိုက်မှရမှာကိုး။ ခဏနေတော့ မန်နေဂျာနဲ့သူနဲ့ နှစ်ယောက်သား ဆိုင်ကယ်လေးနဲ့ ထွက်သွား။ ဒီတော့မှ သူ့အသံက ပီသ၊ ကြည်မြ၊ လိုသ လောက်တင်၊ လိုသလောက်ဆွဲ။ ကျွန်တော်တို့မှာ ကျေနပ်လို့။ ဒီစီးရီးဟာ သူ့ရဲ့နောက်ဆုံးစီးရီး ဆိုတာ မသိခဲ့။
ဒီလိုနဲ့ ထိပ်တင်ဆန်း သူချစ်တဲ့ မြို့မက ခွဲခွာ သွားတာ ဆယ့်ငါးနှစ်နီးပါး ရှိပြီ။
ကိုင်း ..မြို့မမူ၊ မြို့မဟန်ကို သူ့လို မြတ်မြတ်နိုးနိုး လက်ဆင့်ကမ်း အမွေခံခဲ့တဲ့သူ မရှိသလောက်ပါပဲ။ အခုထိ သူရှိနေရင်ကော မြို့မနဲ့ စီးမျောမလား ဆွဲတင်မလား ကန့်လန့်တိုက်မလား သိချင်စမ်းပါဘိ။
(မှတ်ချက်။ ။ရန်ကုန်ကပုဂ္ဂိုလ်တွေ ကြက်သီးထ၊ တုန်လှုပ်အံ့သြသွားစေတဲ့ မြို့မသီချင်း နှစ်ပုဒ်ကို သီဆိုခဲ့တာက “ထိပ်တင်ဆန်း”ပါပဲ။)
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ထိပ်တင်ဆန်း #မြို့မ