ဗန်းမော် သံချပ်ကာ တပ်ရင်းနဲ့ ဝန်တင်တပ်ရင်း သိမ်းခံရပြီးနောက် လိုင်ဇာဘက် ဒရုန်းဗုံးကြဲ

ဇန်နဝါရီ ၂၅၊ ၂၀၂၅
Shy V (VOM )
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ နစက သံချပ်ကာ တပ်ရင်းနဲ့ ဝန်တင်တပ်ရင်း ဇန်နဝါရီလ ၂၄ ရက်နေ့က သိမ်းခံရပြီးနောက် ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်က ကေအိုင်အို/ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာဘက်မှာ ဒရုန်းဗုံးကြဲခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဗန်းမော်မြို့ထဲ ဇန်နဝါရီ ၂၅ ရက်နေ့ မနက် ၅ နာရီခွဲ ခန့်ကစ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေ‌တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
“မနေ့က တင့်ကား ၄ စီး သိမ်းရတယ်။ နစက အရာရှိ တယောက် ဒဏ်ရာနဲ့ ဖမ်းခံရတယ်လို့ ကြားတယ်” လို့ သူက ပြောပါတယ်။
ဗန်းမော်မြို့ရှိ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းရှိ သံချပ်ကာ ၄ စီးသိမ်းပိုက် ခံရတာဖြစ်ပြီး ၀န်တင်တပ်ရင်း ဖြစ်တဲ့ လားတပ်ကို သိမ်းလိုက်တာလို့ ကေအိုင်အေနဲ့ နီးစပ်သူတွေက ‌ပြောပါတယ်။
ဗန်းမော်မြို့ထဲ တက္ကသိုလ်နဲ့ ကျန်ရှိနေသေးတဲ့ ခလရ ၄၇ ကို ထိုးစစ်ဆင်နေတယ်လို့ သိရပြီး စကခ ၂၁ ၀န်းကျင်မှာ တိုက်ပွဲ အလွန်ပြင်းထန်နေကာ အမတ ၃၆၆ ကို ၀န်းရံပိတ်ဆို့ ထားတယ်လို့ သိရကြောင်း ဒေသခံတွေက ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ရှိနေပြီး စကစ ၂၁ အနီး၀န်းကျင် နောင်ခို၊ မင်းလှ၊ရွှေကျီးနား တကြောနဲ့ ၂ မိုင်၊ ဟင်းခြံ၊ ပင်စင်ကုန်း တကြော တိုက်ပွဲ ပြင်းထန်နေတာလို့ ဆိုပါတယ်။
လက်ရှိ ဗန်းမော် အမတ ၃၆၆ က တပ်အတွင်းစည်းထဲအထိရန်သူက ထိုးဖောက်ထားတော့ ရဲမေတွေ၊ မှီခိုမိသားစုတွေ အဖမ်းခံထားရပြီး တပ်ရင်းမှူးလည်း ထိထားသလို Dropboom ထိပြီး မိမိဘက်က စစ်သည် ၃ ဦး ကျဆုံးခဲ့ကာ တပ် မဆုတ်ရင် အကျအဆုံးများမှာ ဖြစ်ကြောင်း နစက နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ပိုင်းက နစက တပ်ဖွဲ့ဘက်က လိုင်ဇာ တနေရာကိုအသေခံ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့သိရပြီး ဆိုလာပြားတွေနဲ့ဆိုတော့ အမိန့်ပေးဌာနချုပ် ဖြစ်ဖို့များပြီး ကချင် ပြည်နယ် တိုက်ပွဲတွေကို အဲဒီနေရာတွေ ကနေ အမိန့်ပေးနေတယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။
“လိုင်ဇာမြို့က မြစ်ကြီးနား ဟိုတယ်မှာ ဒရုန်း ဗုံး လာကြဲတာ။ လူ အထိအခိုက်မရှိဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။နှစ်လုံး ကြဲတာ ဖြစ်ပြီး ပထမ တစ်လုံးက တောင်ပေါ်မှာ လာကျတယ်လို့ ဆိုပါတယ်။
ဗန်းမော်မြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကစ ကေအိုင်အေနဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ထိုးစစ်ဆင်နေရာက တပတ်ခန့် တိုက်ပွဲ ငြိမ်သွားပြီးနောက် ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ကစ တကျော့ ပြန်လည် ထိုးစစ်ဆင်လာတာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW