ဇန်နဝါရီ ၂၅ – ၂ဝ၂၅
KKO(VOM)
ပြည်တွင်းမှာ ဘိလပ်မြေတအိတ် ကျပ် ၃၅ဝဝဝ အထိ ဈေးမြင့်တက်လာပြီး လက်ရှိ ဈေးကွက်အတွင်းမှာလည်း ဝယ်မရဖြစ်နေလို့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ အခက်တွေ့နေရတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။
လတ်တလော ရန်ကုန်တိုင်းက ကုန်မာဆိုင်တွေနဲ့ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်တွေမှာ ဘိလပ်မြေတအိတ်ကို ကျပ် ၃၃၀၀၀ ကနေ ၃၅၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသော် လည်း လိုသလောက်ဝယ်ယူလို့ မရဘူးလို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဈေး ကွက်အတွင်းကနေ သိရပါတယ်။
“ဆိုင်တွေမှာက ဈေးနှုန်းတွေသာပြောနေကြတာ တကယ်က ပစ္စည်းတွေကပြတ်နေတယ်။ကာလ ပေါက်ဈေးနဲ့ ၀ယ်ချင်သူတွေရှိနေပေမယ့် လိုချင်တဲ့အတိုင်းအတာကို၀ယ်ယူလို့မရပါဘူး”လို့ ဆောက်လုပ်ရေးအသိုင်း အဝိုင်းနဲ့ နီးစပ်ပတ်သက်သူ တယောက်က ပြောပြပါတယ်။
ဒါအပြင် ရန်ကုန်မြို့က အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တယောက်ကလည်း “ဘိလပ်မြေက ဝယ်လို့ကိုမရတာပါ။ဈေးကွက်မှာ ပစ္စည်းလုံးလုံးမရှိတာပါ။အခု ၃၅ဝဝဝ ပေါက်နေတယ်ဆိုတာတောင်ဈေးတန်တယ်လို့ ပြောရပါမယ်”လို့ သူက ဆက်ပြီး ပြောပြခဲ့ပါတယ်။
အခုလို ဘိလပ်မြေဝယ်ယူရတဲ့ အခက်အခဲတွေကြောင့် တချို့သော ကန်ထရိုက်လုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းအချို့လည်း အခက်အခဲတွေဖြစ်ပေါ်နေပြီး ရပ်နားထားရတဲ့ လုပ်ငန်းအချို့လည်းရှိနေတယ်လို့ သိရပါတယ်။
“ဘိလပ်မြေကဝယ်မရဘူး။ဘယ်မှာမှ ရှာမရဘူး။အခုလိုက်ရှာပြီးဝယ်နေပေမယ့် ဆိုင်တွေက ခွဲတမ်းနဲ့ပဲ ရောင်းတယ်။အရင်ကလို လိုသလောက်ဝယ်လို့မရဘူး။အခုကြားရတာ ဘိလပ်မြေထုတ်တဲ့စက်ရုံတွေလည်းနားထားတယ်၊ရပ်ထားရတယ်ပြောတယ်။သိရသလောက်ကတော့ ကုန်ကြမ်းဈေးတွေတအား တက်လာတော့ ဒါကိုထုတ်ဖို့ အခက်အခဲတွေရှိနေတယ်ပြောတယ်။နောက်တခါ ဈေးကွက်မှာ ဘိလပ်မြေဈေးကမငြိမ်တော့ တချို့ကုန် သည်တွေကလည်း ထုတ်ရောင်းရမလား၊ဆက်လှောင်ထားရမလား အဲလိုတွေဖြစ်နေတယ်လည်းကြားတယ်။အရင်တုန်းကတော့ ဘိလပ်မြေတအိတ်ဈေးက ကျပ် ၁၃ဝဝဝ ၊ ၁၅ဝဝဝ လောက်ပဲရှိတာပါ။အခုက တအိတ်ဈေးက ၃ဝဝဝဝ လောက်ဖြစ်သွားပြီ။ ဒါတောင်ဘယ်မှာမှ ဝယ်မရဘူး။ အခုဆောက်လက်စတိုက်ဆို ဆလပ်လောင်းဖို့ ရှိနေတာတောင် ဘိလပ်မြေဝယ်မရလို့ အခုခဏရပ်ထားရတယ်”လို့ ဆောက်လုပ်ရေးလုပ်သား တယောက်က သူကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောပြပါတယ်။
အခုလို ဘိလပ်မြေဈေးနဲ့ အိမ်ဆောက်ပစ္စည်းဈေးနှုန်းတွေမြင့်တက်လာတဲ့ အတွက် အိမ်ဆောက်ပစ္စည်း ကုန်မာရောင်းဝယ်ရေးဈေးကွက်အတွင်းမှာလည်း ကမောက်ကမတွေဖြစ်နေပြီး လုပ်ငန်းရှင်တွေကိုယ်တိုင် အခက်ကြုံနေရတယ်လို့ ဆောက်လုပ်ရေးလောကအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
“အခုသိန်းသောင်းချီရင်းထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရော အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းလုပ်တဲ့သူတွေရောအကုန်တိုင်ပတ်နေတယ်လို့ ပြောပါတယ်။အဓိကက ဘိလပ်မြေ ပြဿနာပါပဲ။ဒီကိစ္စက ရေရှည်မှာဆောက်လုပ်ရေးလုပ်ငန်းတွေကိုပါ ရပ်သွားနိုင်မယ်လို့ ထင်ပါတယ်”လို့ ဆောက် လုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒေသတွင်းသတင်းတွေနဲ့ ပြည်တွင်း သတင်းဌာနတွေရဲ့ဖော်ပြမှုတွေအရ လက်ရှိပြည်တွင်းမှာ ဘိလပ်မြေ ထုတ်လုပ်ဖို့အတွက် ကုန်ကြမ်းဈေးနှုန်းတွေ အဆမတန်မြင့်တက်လာလို့ တချို့သောဘိလပ်မြေထုတ်လုပ်ရေးစက်ရုံတွေဟာလည်း ရပ်နားထားရတာဖြစ်တယ်လို့ သိရှိရပါတယ်။
Photo – CJ