စစ်မှုထမ်းကိစ္စနဲ့ ဖွဲ့စည်းပုံကိစ္စ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး သတင်းစာရှင်းလင်းပွဲလုပ်

ဇန်နဝါရီ ၂၆ -၂၀၂၅
KKO(VOM)
ယခုပြည်သူလူထုတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ပြည်သူ့စစ်မှုထမ်းကိစ္စရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီများအစုအဖွဲ့တွေက နစက ရဲ့ NSPNC နဲ့ တင်ပြဆွေးနွေးခဲ့တာမျိုးမရှိဘူးလို့ နိုင်ငံရေးပါတီအစုအဖွဲ့ တွေရဲ့ခေါင်းဆောင် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး က ငြင်းဆို ပြောကြား လိုက်ပါတယ်။
နစကရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC)နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့တွေရဲ့ တွေ့ဆုံ ဆွေးနွေးပွဲရလဒ် အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတရပ်ကို ဒီနေ့ ဇန်နဝါရီ ၂၆ ရက်၊နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ ပြည်သူ့ပါတီ(ဗဟိုဌာနချုပ်)ရုံးမှာ ပြုလုပ်ခဲ့စဉ်မှာ ဦးကိုကိုကြီးက အခုလိုထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
“ပြည်သူတွေအတွက်ဝမ်းသာအားရ သတင်းကောင်းတွေကိုသယ်ဆောင်လာတဲ့ အချိန်မှာ မမျှော်လင့်ဘဲနဲ့ ပြည်ပသတင်းဌာနတွေက ခေါင်းကြီးတင်လိုက်တဲ့သတင်းဟာကျွန်တော်တို့ ဆွေးနွေးပွဲရလဒ်တခုလုံးရဲ့ ပုံရိပ်ကိုပျက်သွားစေပါတယ်။စိတ်မကောင်းစရာပါ။အလုပ်သဘောဆွေးနွေးတယ်။ ဆွေးနွေးမယ့်သဘောတူညီချက်တွေကိုလည်းကြိုပြီးတော့တောင်းခံတယ်။ဆွေးနွေးရရှိတဲ့ သဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးတယ်။အခုဟာတွေက ကျွန်တော်တို့ရဲ့ သဘောတူညီချက်ထဲမှာ မပါပါဘူး။နောက်တခုက အလုပ်အဖွဲ့ ကိုယ်စားပြုပြီး ပြောဆိုခြင်းလည်းမရှိပါဘူး။ဒါကနိုင်ငံရေးပါတီအစုအဖွဲ့နဲ့ မသက်ဆိုင်သလို NSPNC ရဲ့ သဘောတူညီချက်လည်း မဟုတ်ပါဘူး”လို့ ဦးကိုကိုကြီး က ပြောကြားခဲ့တာပါ။
နစက ရဲ့ NSPNC နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့တွေရဲ့ဆွေးနွေးမှုမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်သာ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အဲဒီဆွေးနွေးပွဲတွေကနေတဆင့် အချက် ၄၃ ချက်ကို သဘောတူညီလက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ နိုင်ငံရေးပါတီတွေရဲ့အစုအဖွဲ့ ခေါင်းဆောင်ဖြစ်သူ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက ဆက်လက် ပြောပြပါတယ်။
“ပြည်သူတွေကလည်း အခုကာလမှာ လက်ရှိနိုင်ငံရေးအကြပ်အတည်းရဲ့ထွက်ပေါက်ကိုလိုလားကြပါတယ်။ အခုသဘောတူညီမှုရရှိထားတဲ့ ၄၃ ချက်အပြင်ကိုနောက်ထပ် ၇ ချက်ကို ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ၄၃ ချက်ထဲမှာထည့်သွင်းပြီးတော့ လက်မှတ်မရေးထိုး ပေမယ့်၊ထပ်ပြီးသဘောတူညီထားတဲ့ အချက်တွေလည်းရှိပါတယ်”လို့ ဦးကိုကိုကြီး က ပြောပါတယ်။
အဲဒါအပြင် နိုင်ငံရေးပါတီများအစုအဖွဲ့အနေနဲ့ နိုင်ငံရေးနည်းလမ်းတွေကိုဘယ်လိုဖန်တီးမလဲဆိုတာ ကျားကုတ်ကျားခဲကြိုးစားနေတယ်လို့ ဦးကိုကိုကြီးက အခုလို ဆက်ပြီး ပြောပြပါတယ်။
“စစ်မှုထမ်းတို့ လက်နက်ကိုင် ဋိပက္ခတို့ ဖြစ်နေတယ်ဆိုတာက အခြေခံက နိုင်ငံရေးပဲ၊တကယ်လို့သာ ကျွန်တော်တို့က နိုင်ငံရေးပြဿနာကိုစောစောစီးစီး စောလျင်စွာဖြေရှင်းနိုင်ရင် တချို့ပြဿနာတွေကမဖြစ်ပါဘူး။အခုကမတတ်နိုင်ဘူးဖြစ်နေတယ်။ဖြစ်နေတော့ ဘယ်လိုလျော့ချမလဲ၊သူတို့အတွက် နိုင်ငံရေးနည်းလမ်းတွေကိုဘယ်လိုဖန်တီးမလဲဆိုတာ ကျွန်တော်တို့ ကျားကုတ်ကျားခဲ ကြိုးစားနေကြပါတယ်။နောက်တခုကအချိန်ကိုက် ပြုပြင်ပြောင်းလဲမှုတွေမလုပ်နိုင်တဲ့ အတွက်တောက်လျှောက်အနိဌာရုံတွေကြုံခဲ့ရတယ်။အခုလည်းပဲ ပြောရရင်အချိန်က လွန်တောင်လွန်နေပြီ၊ ပြောင်းလဲမှုကို မကြောက်ပါနဲ့၊ရဲရဲတင်းတင်းပြုပြင်ပြောင်းလဲမှုကိုလုပ်ပါလို့ တပ်မတော်အကြီးအကဲတွေကို ကျွန်တော်မီဒီယာတွေကနေတဆင့်တိုက် တွန်းချင်ပါတယ်”လို့ ဦးကိုကိုကြီးက ပြောပါတယ်။
ဒါအပြင် အစိုးရအဆက်ဆက် လွှတ်တော်သက်တမ်း အဆက်ဆက်မှာ ပြင်ဆင်ခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဦးကိုကိုကြီးက အခုလို ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။
“လက်ရှိနိုင်ငံရဲ့ ဖွဲ့စည်းပုံအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်း နှစ်ရပ်မှာလည်း ကြိုးစားခဲ့ကြပါတယ်။ဒါလေးကိုပြန်ပြောပြီးရှင်းပြချင်တာက
ဦးသိန်းစိန်လက်ထက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ၅၄ ချက် ပြောင်းလဲနိုင်ခဲ့ပါတယ်။NLD လက်ထက်မှာတော့ ကျွန်တော်တို့ အချက် ၄ ခုကို ပြင်ဆင်နိုင်ခဲ့တယ်။ လက်ရှိတပ်မတော်ကနေ နစက ကနေ အာဏာရယူပြီးနောက်ပိုင်း မှာ ထပ်ခါတလဲလဲ မီဒီယာတွေကနေတဆင့်ပြည်သူတွေကိုတင်ပြခဲ့တာရှိပါတယ်။ နိုင်ငံတကာသံတမန်တွေကိုလည်း ကျွန်တော်တို့ဆွေးနွေးတင်ပြလျက်ရှိပါတယ်”လို့ ဦးကိုကိုကြီးက ပြောပါတယ်။
လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ နစက က အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC)ကို ဖွဲ့စည်းခဲ့ပြီး အဲဒီအဖွဲ့မှာ နိုင်ငံရေးပါတီအစုအဖွဲ့တွေကိုလည်း ထည့်သွင်းဆွေးနွေးစေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“NSPNC နဲ့ နိုင်ငံရေးအစုအဖွဲ့တွေကို ဆွေးနွေးဖို့ တာဝန်ပေးခဲ့ပါတယ်။နိုင်ငံရေးပါတီများကိုယ်စားပြုစုဆိုပြီး အလုပ်အဖွဲ့ကို မဲစနစ်နဲ့ ရွေးချယ်ခဲ့ကြပါတယ်။နိုင်ငံရေးပါတီ ၁၆ ပါတီ အဲ့ကနေပြီးတော့မှ ဦးဆောင်ပါတီအဖြစ်နဲ့ လေးပါတီရွေးချယ်ပါတယ်။ အဲဒီလေးပါတီမှာ ကျွန်တော်တို့ ပြည်သူ့ပါတီ၊ ဦးစိုင်းအိုက်ပေါင်းတို့ရဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီရယ်၊ဒေါက်တာအေးမောင်ရဲ့ ရခိုင်ဦးဆောင်ပါတီရယ် ဒေါက်တာအောင်မြတ်ဦးတို့ရဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လေးပါတီက ပါတီအားလုံးရဲ့ ဦးဆောင်ပါတီအဖြစ်နဲ့ ရွေးချယ်သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ကျွန်တော်ကတော့ နိုင်ငံရေးပါတီတွေရဲ့အစုအဖွဲ့ အနေနဲ့ ဦးဆောင်ပြီးတာဝန်ယူရပါတယ်”လို့ ဦးကိုကိုကြီးက ပြောပါတယ်။
ဒါအပြင် လက်ရှိနိုင်ငံရေးအကြပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အချိန်ကိုက် ပြောင်းလဲမှုတွေကို ပြုလုပ်ဖို့နဲ့အမုန်းတရားနဲ့ နိုင်ငံတော်ကို တည်ဆောက်လို့မရဘူးလို့လည်း ဦးကိုကိုကြီးက ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောပါတယ်။
“တကယ်တော့အမုန်းတရားနဲ့ နိုင်ငံတော်ကို တည်ဆောက်လို့မရပါဘူး။အမုန်းတရားဆိုတာ ဖျက်ဆီးအားပဲကောင်းပါတယ်။တည်တောက်အားမရှိပါဘူး။ အဲတော့အခိုက် အတန့်မှာ ကျွန်တော်တို့ ဘယ်လောက်ပဲ စိတ်ခံစားမှု တွေပြင်းထန်နေနေ လမ်းကြောင်းအမှန်ပေါ်ပြန်တည့်ဖို့အတွက် မချစ်ချင်နေပါ၊မမုန်းပါနဲ့ လူသားအသဲနှလုံးနဲ့ ကျွန်တော်တို့ ကျွန်မတို့ဖြစ်ပါစေလို့ ဝိုင်းဝန်းကြိုးစားကြဖို့ ဒီနေရာကနေပဲ တိုက်တွန်းနှိုးဆော်ပါတယ်”လို့ ဦးကိုကိုကြီးက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW