ဆူးငှက်
“စောစောအိပ်လို့၊ စောစောထလို့… စောစောလမ်း လျှောက်ကြပါစို့။ တင်းတောင်… တင်းတောင်…”
“ခန္ဓာသန်စွမ်းစေဖို့၊ စိတ်နှလုံးရွှင်ပြုံးစေဖို့၊ သူငယ်ချင်း အပေါင်းအသင်းများနှင့် ပျော်ရွှင်ဖို့၊ ကျန်းမာစေဖို့…၊ စောစောအိပ် လို့၊ စောစောထလို့၊ စောစောလမ်းလျှောက်ကြပါစို့…။ တင်းတောင်…၊ တင်းတောင်…။”
မနက်စောစော… လေးနာရီလောက် နှိုးစက်ပေးပြီး သူငယ်ချင်းတွေနဲ့အတူ လမ်းလျှောက်ထွက်ဖြစ်ကြတယ်။ ဒါက လည်း ၁၂ ရာသီပတ်လုံး မဟုတ်ပါဘူး။ တန်ဆောင်းမုန်းလပြည့် ကျော်၊ ဒါမှမဟုတ် နိုဝင်ဘာလထဲရောက်ရင် မန္တလေးမှာ အအေး ဓာတ်ကဲစပြုပြီလေ။ ဒီတော့ “မနက်လင်းရင် ကျုံးဘေး လမ်း လျောက်ကြရအောင်”ဆိုတာ အချင်းချင်းကြား နှစ်တိုင်း ဒီရာသီ ရောက်ရင်ပြောလေ့ရှိတဲ့စကားဖြစ်နေပါပြီ။ ဒါကြောင့် ကိုယ်စီ၊ ကိုယ်စီ နှိုးစက်အကူအညီနဲ့ အိပ်ရာကထကြပြီပေါ့။ ညဈေးတန်း က ဝယ်ထားတဲ့ ကင်းဗတ်ရှုးဖိနပ်နဲ့ ခြေအိတ်နဲ့၊ ဖလန်ထည် ဘောင်းဘီနဲ့ ဆွယ်တာနဲ့ ခေါင်းစွပ်နဲ့ လမ်းလျှောက်ထွက်ကြသူတွေ ကတော့ ဖိနပ်အသစ်၊ အနွေးထည်အသစ်တွေနဲ့ ကိန်းကြီး ခန်းကြီး…။ တစ်နှစ်ပတ်လုံး မပျက်မကွက် လမ်းလျှောက်ထွက်နေ ကျသူတွေကတော့ ပုံမှန်ပါပဲ။ တချို့များ အနွေးထည်ပင် မပါပါဘူး။ အားကစားစွပ်ကျယ်ထူလေးနဲ့ပဲ။ စံနစ်တကျ အကြောလျှော့၊ သွေးပူလေ့ကျင်ခန်းပြုလုပ်ပြီးမှ အိမ်ကထွက်လာတာမို့ လမ်းပေါ်မှာ အပြေးလျှောက်လေးနဲ့ စထွက်ကတည်းက ချွေးလေးများစို့လို့…။ ခါတော်မီများ ကတော့ မဟုတ်ပေါင်…။ လမ်းလျှောက် တာက တော်တော်…။ အဝတ်အစားတွေနဲ့ပင် ချမ်းလို့မဆုံးနိုင်။ သိသာပ။
မန္တလေးရဲ့ လေးပြင်လေးရပ်က လမ်းလျှောက် ထွက်လာသူတွေဟာ စမ်းချောင်းတွေလို စီးလာကြပြီး ကျုံးထောင့် မစိုးရိမ်မီးပွိုင့်မှာ ပေါင်းစည်းမိကြကာ မြစ်မရေစီးကြောင်းကြီး သဖွယ်ဖြစ်လာပြီ။ ပုံမှန်လမ်းလျှောက်သူ၊ ပုံမှန်ပြေးသူ၊ ပုံမှန် လေ့ကျင့်ခန်းပြုလုပ်သူများထက် ခါတော်မီတွေကတော့ ပိုများတာပေါ့။ သို့ပေမင့် အရေးမကြီး။ မည်သည့် အချိန်အခါ ရောက်စေ ကျန်းမာရေးပြုလုပ်တာ ဘယ်တော့မှ နောက်မကျ။ ဒါကြောင့် ကျုံးဘေး ပလက်ဖောင်းပေါ်၊ ကတ္တရာလမ်းပေါ် လမ်းလျှောက်၊ ပြေးလွှား၊ ခုန်ပေါက် ပြုလုပ်ကြသူတိုင်း “မင်္ဂလာပါ”နှုတ်ဆက်ကြ လေရဲ့။
ကျန်းမာခြင်းဟာ မင်္ဂလာတစ်ပါးမဟုတ်ပါလား။
တောင်ဘက်ကျုံးလမ်း တစ်လျှောက် လမ်း ၈၀ မှသည် အရှေ့ကျုံးထိပ်အထိ အနည်းဆုံး လမ်းလျှောက်၊ ပြေးလွှားပြီး နောက် ဟို အရှေ့ရိုးမမှာ ရောင်နီပျို့ပြီလေ…။ အပြေးအလွှား ပြန့်လွင့်လာတဲ့ အရုဏ်ဦး ပတ္တမြားရွှေရည် တွေကလည်း မန္တလေး တောင် ဆုတောင်းပြည့်စေတီတော်ကို ဦးခိုက်ပြီးမှ ကျုံးရေပြင်မှာ လူးလွန့်စပြုနေပြီပေါ့။ တလက်လက်…။ ဒီအချိန်မှာ လမ်း လျှောက်လာသူတို့ ဝမ်းဟာစပြု။ သည်အချိန်မှာ ကျုံးနဘေး ကုက္ကို၊ ထနောင်း၊ တမာပင်ရိပ်တွေမှာ အငွေးတထောင်းထောင်းနဲ့ နွားနို့ဟင်းမလိုင်သည်လေးတွေလည်း ရောက်ပေါ့။ တချို့က အထမ်းနဲ့၊ တချို့က တွန်းလှည်းနဲ့။ နွားနို့ဟင်းမလိုင်ဆိုတာ ဆန်မှုန့်၊ သကြားနဲ့ နွားနို့ကို အနေတော်စပ်ကာကျိုထားတဲ့ အာဟာရပြည့် အစားအစာ။ အဲဒီ နွားနို့ဟင်းကို မြေအိုးထဲထည့်၊ အိုးဘေးမှာ အပူဓာတ်မပြယ်အောင် ပိတ်စအဖြူအဝတ်သန့်သန့်နဲ့ အထပ်ထပ်ပတ်၊ စလောင်းဖုံးသန့်သန့်ကိုလည်း အဝတ်သန့်သန့်နဲ့ ပတ်ပြီးမှ အုပ်ထား။ နွားနို့ကို မလိုင်ကျအောင်ကျိုပြီး ရထားတဲ့ မလိုင်ချိုး အပြားဖတ်တွေကို အနေတော်အရွယ်လေးတွေ ကပ်ကြေးနဲ့ကိုက်ပြီး နွားနို့ဟင်းထဲထည့်။ မလိုင်အနှစ်ကိုလည်း အပေါ်ကဆမ်း…။ အဲဒီ ပူပူနွေနွေး နွားနို့ဟင်းမလိုင်ကို ကြွေ ပန်းကန်လုံးလေးတွေထဲထည့်ကာ ဇွန်းနဲ့ခတ်ပြီး သောက်ကြရတာ လေ…။ ဆိမ့်ပါ့။ အရသာရှိပါ့။ ဆောင်းမနက်မှာ နွေးထွေးသွားပါ။
အရင်ကတော့ ဆောင်းတွင်းမနက်မလင်းခင်မှာသာ ရနိုင်တဲ့ နွားနို့ဟင်းမလိုင်ဟာ အခုတော့ ဆယ့်နှစ်ရာသီမရွေး ကျုံးနဘေး ၇၉ လမ်းနဲ့ လမ်း ၈၀ ကြားမှာ ညပိုင်းဆိုရင် ရနေပြီ လေ။ တချို့က အီကြာကွေးကို ကိုက်ညှပ်ကာ နွားနို့ဟင်းမလိုင်ထဲ ထည့်စားကြသေး…။
မန္တလေးဆိုတော့လည်း ဘယ်အစားအသောက်မဆို အီကြာကွေးက ပါလေရာပေါ့လေ…။
ကြိုက်သူလည်းရှိ…၊ မကြိုက်သူလည်းရှိ…။
××××× ×××××
လသာသာ ညအခါ အိမ်ရှေ့ကွပ်ပျစ်ပေါ်က ဖိုးလမင်း ကြီးကိုကြည့်ရင်း ရင်သွေးငယ်ကို “ဖိုးလမင်းကြီးရယ် ထမင်း ဆီဆမ်း၊ ရွှေလင်ပန်းနဲ့ သားလေးဖို့ပေးပါဦး”လို့ မိခင်ဖြစ်သူက သားချော့တတ်တယ်။ ငယ်ငယ်ကများ အမေက အဲ့ဒီလိုချော့ပြီဆို ရင် ဖိုးလမင်းကြီးဆီက ရွှေလင်ပန်းနဲ့ ထမင်းဆီဆမ်းတွေရလာ မယ်လို့ ယုံတယ်လေ…။
ဟုတ်ပါတယ်။ ခဏနေရင် တကယ်ရလာပါတယ်။ ရွှေလင်ပန်းနဲ့တော့မဟုတ်ပါဘူး။ ကြွေပန်းကန်လုံးနဲ့ပါ။ ဆီဆမ်း ထားတဲ့ထမင်းလည်းမဟုတ်ပါဘူး။ နို့နံ့သင်းသင်းနဲ့ နွားနို့ထမင်းပါ ပဲ။ ကလေးတွေစားဖို့ နွားနို့ထမင်းကို ထမင်းပျော့နပ်နေအောင် နွားနို့နဲ့ချက်ပါတယ်။ ဆန်လုံးကိုမျှ မမြင်ရတော့ပါဘူး။ ပြီးရင် သကြားကို လိုသလာက်ထည့်ပြီး ငွေဇွန်းလေးနဲ့ ခွန့်တာပါ။ ပျော့နပ်ပြီး ထမင်းက နွားနို့နဲ့မို့ အရောင်အဆင်းကလည်း ဖွေးဖွေးလေးပေါ့။ နွားနို့ထမင်းကျိုတော့ မီးမျှင်းမျှင်းလေးနဲ့ နပ်အောင်ထား ရင်း ဒန်အိုးမှာ ချိုးကပ်တတ်ပါတယ်။ အဲဒီနွားနို့ထမင်းချိုးလေးတွေ ကိုလည်း အိုးကခွာပြီး အနေတော်လေးတွေဖြတ်ကာ ထည့်စားနိုင် တယ်။ ချိုးဖတ်လေးတွေကတော့ သွားပေါက်ပြီး အတော်အတန် ဝါးနိုင်တဲ့ကလေးအရွယ်ကိုပဲ ကောင်းတယ်။
နွားနို့ထမင်းကို ကလေးတွေအတွက်သာမက အဆာပြေ အစားအသောက် အတွက်၊ အာဟာရ အတွက်လည်း စားနိုင်ပါတယ်။ မန္တလေးရဲ့ နေလယ်ခင်းမှာဆိုရင် “နွားနို့ထမင်း၊ ကုလား စပါးယို”လို့ ဟစ်ပြီးရောင်းတဲ့ ဈေးသည်တွေ ရှိတယ်။ ဝါးနဲ့ ရက်ထားတဲ့ ဗျပ်ထဲမှာ နွားနို့ထမင်း ထည့်ထားတဲ့ ဒန်အိုးသန့်သန့် ပါမယ်။ ထန်းလျက်ရည် ပျစ်ပျစ်ကျိုထားတဲ့ ပုလင်းပါမယ်။ “ကုလားစပါးယို”လို့ခေါ်တဲ့ “ဂျုံယို”ကိုလည်း အိုးသန့်သန့်နဲ့ ထည့်ထားပါမယ်။ အုန်းသီးမျှင်၊ အုန်းသီးစိပ်တွေလည်း ပါတယ်။
နွားနို့ထမင်းကို ထန်းလျက်ရည် ဆမ်းပြီး စားကြတယ်။ ဒါမှမဟုတ် “ကုလားစပါးယို”လို့ခေါ်တဲ့ “ဂျုံယို”နဲ့လည်း ရောစပ် ပြီး စားနိုင်တယ်။ “နွားနို့ထမင်း”ကို ရှေးကတော့ မန္တလေးမှာ မင်းဆွေမင်းမျိုးတွေရဲ့ အလှူအတန်းတွေမှာမှ ကျွေးလေ့ရှိသတဲ့။ နွားနို့နဲ့၊ မလိုင်နဲ့၊ အိန္ဒိယဘက်ကလာတဲ့ စပျစ်သီးခြောက်နဲ့၊ သီဟိုစေ့နဲ့ ခမ်းခမ်းနားနား ကျိုချက်ပြီး စားကြတာပါ။
အခုတော့ နွားနို့ထမင်းက မန္တလေးမှာ အများစား သောက်တဲ့ နေ့ခင်းနေ့လယ်စာဖြစ်နေပါပြီ။ နွားနို့ပေါတဲ့ စစ်ကိုင်း ရွာသစ်ကြီးနယ်တွေဖက်က တကူးတကန့် လာရောင်းတဲ့ နွားနို့ထမင်း ခေါင်းရွက် ဈေးသည်တွေအပြင် အရပ်ထဲမှာလည်း နွားနို့ထမင်း ရောင်းတဲ့ ဆိုင်လေးတွေရှိရဲ့။ အခုတလော လာနေကျ နွားနို့ထမင်းသည်လေးတွေ မတွေ့ရတာကြာပြီ။
နွားနို့ထမင်းက စရိတ်လည်းကျဉ်း၊ အာဟာရလည်း ဖြစ်တယ်။
ဆူးငှက်
#voiceofmyanmar #VOM #နွားနိုဟင်းမလိုင်နှင့်နို့ထမင်း #ဆူးငှက်