ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက် ဒေါက်တာနေစိုးမောင် အမှုတခု ထောင်သုံးနှစ် စတင်ချခံရ

ဇန်နဝါရီ ၂၆ – ၂၀၂‌၅
GG (VOM)
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို မန္တလေးအိုးဘိုထောင်တွင်းတရားရုံးမှာ ဇန်နဝါရီ ၉ ရက်ကတည်းက ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီးကနေ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်စီးစေမှုနဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်။
ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးပြီး သုံးလအကြာမှာ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။
“ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် ကျခံစေရန်အမိန့်ချမှတ်ခဲ့ပါတယ်ခင်ဗျာ။”လို့ လုံခြုံရေးအဖွဲ့နဲ့ဆက်နွယ်သူ​ကပြောပါတယ်။
နစက ဘက်ကတော့ ဒေါက်တာနေစိုးမောင်ကို လူမှုကွန်ရက်မှာ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အစိုးရယန္တရားပျက်အောင်လှုံ့ဆော်တာကြောင့် ၂၀၂၄ ခုနှစ်အောက်တိုဘာ ၂၃ ရက်မှာဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရယန္တရားပျက်ပြားစေရန် လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့ ၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တနည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမယ့် ပြုလုပ်မှုတွေ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု ကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်း ပြုလုပ်ခဲ့ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅ဝ၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေအရ အရေးယူခံရမယ့်အပြင် ပြစ်မှုနှင့် သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းကိုပါ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း နစကမှအသိပေးထားပါတယ်။
ဒေါက်တာနေစိုးမောင်ထောင်ချခံရတာနဲ့ပတ်သက်ပြီး
“ဒေါက်တာနေစိုးမောင်ကိုတော့ ထောင်မချလောက်ဘူး။ပြန်လွှတ်လိမ့်မယ်ပဲထင်ခဲ့တာ။ဒါပေမယ့် ဦးရဲထွဋ်လည်းထောင်ချခံထားရတော့ သိပ်တော့မမှန်းရဲခဲ့ဘူး။ အခုတော့ ဦးသန်းရွှေသားမက်လည်း ထောင်ဒဏ် ချခံရပြီ။ဒီတော့ပြည်တွင်းမှာပဲနေရင် အပြောအဆိုအနေအထိုင်က ဆင်ခြင်မှကိုရမယ့်အခြေအနေပါ။” လို့ ဝါရင့်နိုင်ငံရေး သမားတယောက်ကပြောပါတယ်။
ကျန်အမှုတွေကိုလည်း ပလပ်တယ် ပိတ်သိမ်းတယ် မစီရင်မဆုံးဖြတ်သေးတာကြောင့် ထောင်တွင်းတရားရုံးမှာ ဆက်လက်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။
ဒေါက်တာနေစိုးမောင်က တပ်မတော်ဆေးတပ်မှာ ဗိုလ်မှူးကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူခဲ့ပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာ ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ဒေါက်တာနေစိုးမောင်က နေရွှေသွေးအောင်ရဲ့ဖခင်လည်းဖြစ်ပါတယ်။
ဒေါက်တာနေစိုးမောင်ရဲ့ ဖခင်ကလည်း ဗိုလ်ချုပ်တင်စိန် ဖြစ်ပြီး ဦးနေဝင်း လက်ထက်မှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးနှင့် ဒုကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဗိုလ်ချုပ် ရာထူးဖြင့် အငြိမ်းစားယူကာ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဒေါက်တာနေစိုးမောင်ဟာ အဖမ်းမခံရခင်အချိန်အထိ ​လူမှုကူညီရေးလုပ်ငန်းတွေနဲ့ အခမဲ့ဆေးကုသပေးတာတွေ ကို နိုင်ငံတဝှမ်းသွားလာပြီး ကူညီလုပ်ဆောင်ပေးမှုတွေကို လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်သူ ဦးရဲထွဋ်ကိုလည်း အစိုးရကိုအကြည်ညိုပျက်အောင်လုပ်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၄- က နဲ့ ထောင်ဒဏ် ၇ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅နဲ့ ထောင်ဒဏ် ၃ နှစ်နဲ့ပေါင်းပြီးထောင် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။
Photo – Dr.Nay Soe Maung

Related posts

Leave a Comment

VOM News

FREE
VIEW