ဇန်နဝါရီ ၂၈ – ၂၀၂၅
SN (VOM)
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်နဲ့ တနင်္သာရီမြို့နယ်အစပ်မှာ စစ်ရေးအခြေအနေ တင်းမာလာတဲ့အတွက် ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
မနေ့ ဇန်နဝါရီ ၂၇ ရက်၊ မနက်ပိုင်းမှစတင်ကာ နစက က ကျွန်းစုနဲ့ တနင်္သာရီမြို့နယ်အစပ်ရှိ ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက် အောက်ပြင်ဝန်းရွာ၊ ပြင်ဝန်းအနောက်ရွာ၊ ဝါရစ်ရွာ၊ မွေးရှောင်ရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေက ပြည်သူတွေ တိမ်းရှောင်နေတာဖြစ်ပါတယ်။
“နစက က မနေ့ မနက်ကစပြီး ပြင်ဝန်း အနောက်ကျေးရွာကနေမှ နယ်မြေရှင်းလင်းရေးလုပ်ရင်း ရောက်လာတာ။ လက်ရှိကတော့ ရွာအနီးဝန်းကျင်တွေမှာ တပ်စွဲထားကြတယ်။ ဒေသခံတွေကတော့ တိုက်ပွဲ ဖြစ်လာမှာကို စိုးရိမ်ပြီး အကုန်လုံးနီးပါး ရှောင်နေကြရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ဒေသခံတွေဟာ မြိတ်မြို့နဲ့ ကျွန်းစုမြို့ပေါ်၊ တနင်္သာရီမြို့ပေါ်အပါအဝင် ကျေးရွာတွေကို ရေလမ်းကြောင်း အသုံးပြုပြီး တိမ်းရှောင်လျက် ရှိကြသလို တောတောင်တွေထဲ တိမ်းရှောင်နေကြတဲ့သူတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။
တိမ်းရှောင်လာတဲ့ ဒေသခံတွေဟာ လက်ရှိမှာ နေရေးထိုင်ရေး အခက်တွေ့နေပြီး စားနပ်ရိက္ခာ အကူအညီတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ အဲဒီ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
“တောတောင်တွေထဲ နေထိုင်နေကြရတဲ့ သူတွေအတွက်လည်း နေရာထိုင်ခင်း လိုအပ်ချက် အများကြီးရှိတယ်။ ရှောင်ရင်းတိမ်းရင်း ရာသီဥတုဒဏ်ကြောင့် ဖျားနာနေကြတဲ့သူတွေလည်း ရှိတယ်။ အဲဒါကြောင့် ဆေးဝါးအကူအညီတွေလည်း အများကြီး လိုနေတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ တနင်္သာရီတိုင်းအတွင်းက မြို့နယ်တွေမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှု၊ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားမှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူဦးရေ ခြောက်သောင်း ငါးထောင်ရှစ်ရာကျော်အထိ ရှိနေပြီဖြစ်တယ်လို့ ဒေသတွင်းသုတေသန အဖွဲ့ဖြစ်တဲ့ FE5 Thanintharyi က ထုတ်ပြန်ထားပါတယ်။
Photo:CJ