ဇန်နဝါရီ ၂၉ – ၂၀၂၅
SS (VOM)
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၂၈ ရက်၊ မနက်အစောပိုင်းက လေထီးအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မနေ့ ဇန်နဝါရီ ၂၈ ရက်၊ မနက် အစောပိုင်း ၁ နာရီခွဲဝန်းကျင်က ရွာတန်းရှည်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တယောက် သေဆုံးကာ နှစ်ယောက် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာတန်းရှည်ကျေးရွာက တောင်သာ – မလှိုင်မြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာပေါ့။ မနေ့မနက်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ဖြစ်ခဲ့တာ။ တယောက်သေတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာ အနီရောင်အဆင့် ရတယ်။ နေအိမ်တလုံးလည်း ပျက်စီးတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
တောင်သာဖြစ်စဥ်နဲ့ ပတ်သက်လို့ နစက သတင်းရင်းမြစ်တွေရဲ့ အသိပေး ရေးသားချက်မှာတော့ တပ်မတော်မှ တောင်သာ PDF တွေ စခန်းချရာနေရာကို လေထီးတပ်နဲ့ ဗုံးကြဲ ခဲ့တာမှာ PDF ၃၆ ယောက်ခန့် သေဆုံးခဲ့ကာ ဒဏ်ရာရသူတွေလည်း များစွာ ရှိခဲ့တယ်လို့ ဖော်ပြထားပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နစကဘက်က တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း တောင်သာမြို့နယ်၊ သာစည်ရွာမှာ လေထီးနဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးခဲ့ကာ နေအိမ်တချို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း တောင်သာမြို့နယ်ထဲက ညောင်ကုန်းကျေးရွာမှာ လေထီး အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ယောက် သေဆုံးကာ တယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့သလို နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo:CJ