ဇန်နဝါရီ ၂၉- ၂၀၂၅
GG (VOM)
စစ်ကိုင်းတိုင်း၊ ကသာခရိုင် ၊အင်းတော်မြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် မြို့မှာနောက်ဆုံး ကျန်ရှိနေတဲ့ နစကရဲ့တပ်စခန်းတခုကို KIA ဦးဆောင် ပူးပေါင်းတပ်တွေက တကျော့ပြန် ဝင်ရောက်တိုက်ခိုက်နေလို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့သိရပါတယ်။
လက်ရှိ အင်းတော်မြို့မှာနောက်ဆုံး ကျန်နေတဲ့ နစကတပ်စခန်းက စစ်တပ်ကုန်းခေါ် (ဂျပန်လှိုင်ဂူကုန်း) ဖြစ်ပြီး လက်ကျန်တပ်စခန်းကို သိမ်းပိုက်ရရှိဖို့အတွက် ဇန်နဝါရီ ၂၇ ရက်ကစပြီး ထပ်မံဝင်ရောက်တိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ ဂျပန်လှိုင်ဂူကုန်းတပ်စခန်းမှာက တပ်မ (၇၇) လက်အောက်ခံ နစကတပ်ဖွဲ့ဝင်တွေ တပ်စွဲနေတာဖြစ်တယ် သိရပါတယ်။
“အရင်လတုန်းက တခါဝင်တိုက်တယ်။အဲဒီတုန်းက ဘုရားကုန်းစခန်းနဲ့ဂျပန်လှိုင်ဂူစခန်းနှစ်ခု ကျန်တာကိုတိုက်နေကြတာ။တိုက်ကြတော့ ဘုရားကုန်စခန်းပါသွားတယ်။ အခုဂျပန်လှိုဏ်ဂူပဲကျန်တော့တယ်။ အဲဒီတပ်စခန်းကလည်းခံစစ်တော့တော်တော်လုပ်ထားတဲ့နေရာတွေပါ။ရှိသမျှနစကတပ်တွေအဲဒီလက်ကျန်မှာအကုန်ပေါင်းခံစစ်လုပ်ထားတဲ့သဘောပါ။မြေပြင်ကတော့အခု KIA ပူးပေါင်းတပ်တွေဘက်က သိမ်းထားတယ်။အဲဒီလက်ကျန်စခန်းကိုလေကြောင်းကနေပဲ ရိက္ခာလက်နက်ပို့တယ်ယူဆရတယ်။ လေကြောင်းရှိနေတယ်။” လို့ အင်းတော်ကနေ စစ်ရှောင်နေရပြီး စစ်ရှောင်တွေကိုကူညီနေသူ ဒေသခံကပြောပါတယ်။
လက်ရှိ အင်းတော်မြို့မှာတော့ မြို့လုံးကျွတ် စစ်ဘေးရှောင်နေကြပြီဖြစ်လို့ ပြည်သူတွေမရှိသလောက်ဖြစ်နေပြီး မြေပြင်အခြေအနေမှာတော့ KIA ပူးပေါင်းတပ်တွေသာ ရှိနေတယ်လို့သိရပါတယ်။
အင်းတော်တိုက်ပွဲမှာ KIA ဦးဆောင်ပူးပေါင်းတပ်တွေကလည်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တိုက်ခိုက်မှုရှိနေသလို နစကဘက်က လည်း မြေပြင် ပစ်ခတ်မှု အပြင် လေကြောင်းကနေပါပစ်ကူပေးနေတယ်လို့သိရပါတယ်။
ဂျပန်လှိုဏ်ဂူတပ်စခန်းကို ပြီးခဲ့တဲ့နိုဝင်ဘာလမှာလည်း ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ခုနှစ်ဇန်နဝါရီလမှာ သိမ်းပိုက်နိုင်ဖို့ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ အင်းတော်မြို့မှာတော့ တိုက်ပွဲတွေက ဩဂုတ်လကတည်းကစတင်ဖြစ်ပွားနေခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်း အင်းတော်မြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ မြို့အတွင်းပိုင်းရှိဌာနဆိုင်ရာ အပါအဝင်အားလုံးကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ကေအိုင်အေသတင်းရင်းမြစ်တွေက ဆိုပါတယ်။