ဖေဖော်ဝါရီ ၅ – ၂၀၂၅
GG (VOM)
ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက စစ်ရှောင် ဒေသခံပြည်သူ ၃၀၀၀ လောက်အထိ အရေပြားရောဂါ ဆိုးရွားစွာကူးစက်ခံနေရပြီး ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေ ဆီကသိရပါတယ်။
အရေပြားရောဂါကူးစက်ခံထားရတဲ့အထဲမှာ ကလေးငယ်တွေက ပိုများပြီး လူဦးရေ၂၀၀၀ လောက်ရှိကြောင်း ၊ ဆေးဝါးမလုံလောက်မှုတွေကြောင့် ရောဂါဖြစ်ပွားမှုနူန်းကလည်း အချိန်တိုအတွင်းမှာ လူထောင်ချီတဲ့အထိ ဖြစ်ပွားလာတာဖြစ်တယ်လို့သိရပါတယ်။
“အခုစစ်ပွဲတွေဖြစ်ပြီးနောက်ပိုင်းမှဖြစ်တာကိုအခုပွားလာတာပေါ့။စစ်ရှောင်ရင်းနဲ့ဖြစ်ကြတာ။ခုလောလောဆယ်ဖြစ်နေတဲ့လူနာက ၃၀၀၀ လောက်ရှိပါတယ်။ရွာတွေက အကုန်လိုလိုပါပဲ။ စစ်ရှောင်နေတဲ့ရွာတွေမှာ။ လူကြီးကလေးအကုန်ဖြစ်တာကို ကလေးတွေမှာပိုဆိုးတာပေါ့။ ” လို့ အရေပြားရောဂါ ခံစားနေရတဲ့ပြည်သူတွေကို အကူအညီပေးနေသူတယောက်ကပြောပါတယ်။
လက်ရှိ ဂွမြို့နယ်ကို AA ကထိန်းချုပ်ထားတာဖြစ်တဲ့အတွက် နစကဘက်မှလည်း ေဝါးပစ္စည်းတွေသယ်ယူခွင့်ကန့်သတ်ထားတာကြောင့် ဂွမြို့နယ် အတွင်း ဆေးဝါးဝယ်ယူရခက်ခြင်း၊ဆေးဝါးစျေးနူန်းတွေအဆမတန်မြင့်ခြင်း၊ ဆေးဝါးဝယ်ယူဖို့ငွေကြေးအင်းအားလိုအပ်ချက်ရှိခြင်း စတဲ့အခက်အခဲတွေကြောင့် အရေပြားရောဂါ ကုသဖို့အတွက်ဆေးဝါးတွေမလုံလောက်မှုဖြစ်ပေါ်နေရပါတယ်။
ဒါကြောင့် စစ်ဘေးရှောင် အရေးကူညီဆောင်ရွက်နေသူတွေက အရေပြားရောဂါ ခံစားနေရသူတွေအတွက် လိုအပ်တဲ့ဆေးဝါးဝယ်ယူနိုင်ဖို့ရာ ငွေကြေးဖြစ်စေ၊ဆေးဝါးဖြစ် အကူအညီတွေ ပေးကြဖို့ ပြောဆိုထားပါတယ်။
တကယ်လို့သာ လုံလောက်တဲ့ဆေးဝါးကုသမှုတွေမပြုလုပ်နိုင်ပါက လက်ရှိအရေပြားရောဂါဝေဒနာခံစားရသူတွေမှာလည်း ရောဂါအခြေအနေပိုဆိုးရွားလာနိုင်တဲ့အပြင် ရောဂါကူးစက်ခံရမှုနူန်းလည်း ထပ်တိုးလာနိုင်တယ်လို့ဆိုပါတယ်။
“တပ်တော် စစ်ဘက်ဆိုင်ရာကလည်း သူတို့ဆေးတွေနဲ့ကူညီပေးနေပါတယ်။ဒါပေမယ့်ဒီမှာလူနာအင်အားကများတော့ကျွန်တော်တို့လည်းကူပေးနေတာပါ။ရောဂါကူးစက်မှုကိုမထိန်းနိုင်ရင်တော့ထပ်တိုးလာနိုင်တာပေါ့။ဆေးပစ္စည်းကလည်းဝယ်ရတာခက်ခဲတယ်။ဒီဘက်မှာလည်းမရဆိုတော့အဆင်ပြေတဲ့နေရာတွေကနေဝယ်ယူစုဆောင်းရပါတယ်။ဆေးဝါးလိုအပ်ချက်တွေရှိနေလို့ကျွန်တော်တို့လည်းအလှူခံနေရပါတယ်။” လို့ သူကထပ်မံပြောပြပါတယ်။
ဂွမြို့နယ်က စစ်ရှောင်ပြည်သူတွေမှာ အရေပြားရောဂါဖြစ်ပွားမှုက ၂၀၂၄ ခုနှစ်ဒီဇင်ဘာလမှာစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အချိန်နှစ်လလောက်အတွင်းမှာပင် ကူးစက်မှုကများပြားလာတာဖြစ်တယ်လို့သိရပါတယ်။
အဓိကတော့ လူဦးရေများပြားခြင်း၊ တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း၊ လေထုမသန့်ရှင်းခြင်း၊မသန့်ရှင်းတဲ့ရေကိုသုံးစွဲရခြင်း၊လုံလောက်တဲ့ဆေးဝါး သုံးစွဲနိုင်မှုမရှိခြင်းစတဲ့အခက်အခဲတွေကြောင့် အရေပြားရောဂါကူးစက်မှုများလာတာဖြစ်တယ်လို့သိရပါတယ်။
ဂွမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ AA နဲ့ နစကအကြားတိုက်ပွဲကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်ပြည်သူအများအပြားရှိခဲ့တဲ့အတွက် စစ်ရှောင်တွေမှာ လက်ရှိခံစားနေရတဲ့ အရေပြားရောဂါအပြင် အခြားသော နာတာရှည်ရောဂါသည်တွေအတွက်လည်းဆေးဝါးတွေလိုအပ်နေပါတယ်။
ဂွမြို့နယ်ကို AA ကထိန်းချုပ်ထားပေမယ့်လည်း ဒေသခံအများစုမှာ နေရပ်ပြန်နိုင်ခြင်းမရှိသေးဘဲ စစ်ရှောင်စခန်းတွေနဲ့ရွာတွေမှာသာ နေထိုင်ရဆဲဖြစ်တာကြောင့် စစ်ရှောင်ပြည်သူတွေအတွက် ဆန်နဲ့အခြားစားနပ်ရိက္ခာတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်။
Photo – ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့