ဆူးငှက်
ကျွန်တော်ငယ်စဉ်က အိမ်ရှေ့စကားဝိုင်းတွင် အဖေက သူတို့ ဆင်နွှဲခဲ့ကြသည့် ရွာ အရပ်ဇာတ်အကြောင်း ပြောပြသည်။ အဖေပြောပြမှ ထိုစဉ်က ဝါတွင်း ဥပုသ်နေ့ အနောက်ပြင် တောင်သမန်တိုက်က သဖန်းကျောင်း ရောက်တိုင်း ကျောင်းအောက်ထပ် အနောက်ဘက်နံရံမှာ ချိတ်ဆွဲထားသော ဓာတ်ပုံတွေကို သတိရတော့သည်။ ၂ပေခွဲ သုံးပေလောက်ရှိသည့် မှန်ဘောင်ကြီးထဲတွင် ဓာတ်ပုံတွေကို ပိုစတာဒီဇိုင်းပမာ ကျနစွာ ပြင်ဆင်ထားပြီး ပုံတိုင်း၏ အောက်မှာက သပ်ရပ်သော လက်ရေးနှင့် ပုံစာတွေလည်း ရေးထိုးထား၏။ ဇော်ဂျီ အဝတ်အစားနှင့် အပေါ်ပိုင်းတစောင်းပုံ အောက်မှာ ရေးထိုးထားသည့် စာက မင်းသားချော ရတနာပုံစိန်လှိုင် တဲ့။
ရှမ်းခေါင်းပေါင်း ရှမ်းတိုက်ပုံနှင့် ကိုယ်တပိုင်း တစောင်းပုံ အောက်မှာ ကျမိုင်းစော်ဘွားလေး မောင်ကျော် တဲ့။ နောက်တစ်ပုံတွင် ကျမိုင်းစော်ဘွား မောင်ကျော် က ဓားဖြင့် အပေါ်က ရွယ်ကာ အောက်က နောက်ကျောတွင် ခမောက်ကြီးကိုလွယ်ကာ ရှမ်းဝတ်စုံနှင့် မောင်သိန်းမောင် က ဒူးလေးထောက်၍ မျက်နှာလေးမော့ပြီး လက်ထဲကဓားနှင့် မောင်ကျော်၏ အပေါ်က ဓားကို ပင့်ခံထားသည့် ပုံအောက်မှာက ကျမိုင်းစော်ဘွား၏ ကြောက်ခမ်းလိလိ ဓားစွမ်းတဲ့။ မမခင်ရီတို့ ယိမ်းအဖွဲ့ လိပ်ပြာဝတ်စုံတွေနှင့် လက်လေးတွေမြှောက်ကာ ကနေကြသည့်ပုံမှာက သဖန်းရွာ တောင်ရပ် လှပျိုဖြူများ တဲ့။ မင်းသမီး ကြင်မြိုင်၏ ပုံအောက်မှာက ပုလဲဒါရူ မင်းသမီးလေး ကြင်မြိုင် တဲ့။ အဘက သျှောင်တစောင်းနှင့် ခြေချိတ်ကာ ခုံပေါ်ထိုင်နေသည့် ပုံအောက်က ဇာတ်ဆရာ ကိုပေါလူ တဲ့။ နောက်တစ်ပုံ ပြန်စဉ်းစားတော့ ရှုတင်းတင်းနှင့် ကြည့်နေသော ပိုးပုဝါကို ခေါင်းမှာ ပတ်ပေါင်းကာ တုတ်ကောက်ထောက် လျှက်ရပ်နေသော လူကြီးတယောက်ပုံ အောက်မှာက သိုက်ဆရာ မောင်ချစ်လှ တဲ့။ ခေါင်းလိမ်းဆီ အတောင့်လိုက် တင်ထားကာ ရွှေကိုင်းမျက်မှန်နှင့် ပြုံးစစ ပုံအောက်က ပြဇာတ်မင်းသားချော တက္ကသိုလ်အုန်းမြင့်တဲ့။ သည်ပုံတွေပဲ မှတ်မိသည်။ အခြားပုံတွေ ကျန်သေးတာပေါ့။ ဒါပေမယ့် မမှတ်မိတော့။
ထိုကျောင်းရေစက်ချပွဲမှာ ရွာက တောင်ရပ်နှင့် မြောက်ရပ် အပြိုင် ဇာတ်က ကြရာ အဖေက တောင်ရပ်ဇာတ်၏ ဇာတ်ဦးစီး ဇာတ်ဆရာတဲ့။ ရှေ့ပိုင်းမှာ ယိမ်းတွေ အော်ပရာတွေ ပြဇာတ်တွေနှင့် နောက်ပိုင်းဇာတ်က ပုလဲဒါရူ ဇာတ်ထုပ်တဲ့။ ထိုဇာတ်ထုပ်ကို အဖေက ရေးတာတဲ့။ ကျောင်းသားတံဆိပ် ဗလာစာအုပ်မှာ အဖေ့လက်ရေးနှင့် ရေးထားသော ပုလဲဒါရူ ဇာတ်ထုပ်နှင့် ဇာတ်စာတွေကို အိမ်ရှေ့ ခုတင်ခြေရင်းက သင်္ဘောဝါးခြမ်းစင်ပေါ်မှာ ရှိသည်။ ထိုစာအုပ်နှင့် အတူ ကလေးသူငယ်များ အပမှီပါက ကုသသည့် ချောစာပစ်ပုံ စာတွေ မှတ်ထားသည့် ဗလာစာအုပ်လည်း ရှိသည်။ ထိုစာအုပ်ထဲမှာပင် မြန်မာတိုင်းရင်းဆေး ဖော်နည်းတွေလည်းပါသည်။
အဖေတို့ လက်ဖက်ရည်ကြမ်းဝိုင်းက ထိုဇာတ် အကြောင်းတွေ ပြောကြတော့ ပုလဲဒါရူဇာထ်ထုပ်ထဲက မင်းသားက ဇော်ဂျီတဲ့။ ဇော်ဂျီအဖြစ် ကပြသူက ကိုကိုစိန်လှိုင်တဲ့။ ကျမိုင်းစော်ဘွားက ကိုကျော်တဲ့။ စော်ဘွားနောက်က ကိုယ်ရံတော် တစ်ယောက်က ကိုသိန်းမောင်တဲ့။ နန်းစီးဘုရင်က အဖေ ကိုယ်တိုင်တဲ့။ ဝန်ကြီးတွေက ကိုကောင်းရင် ကိုကောင်းရွှင် ညီအစ်ကိုတဲ့။ သိုက်ဆရာက ရွာကသူကြီး ကိုချစ်လှတဲ့။ မင်းသမီးကိုတော့ မုံရွာဇာတ်က မင်းသမီး တရုတ်မ ကြင်မြိုင် ကြင်လှိုင် ညီအစ်မကို ငှားတာတဲ့။ ထိုဓာတ်ပုံများကို မှန်ဘောင်ထဲမှာ စီကာ စဉ်ကာ ထည့်ပြီး ပုံစာတွေ လှလှပပ ရေးတာက ကိုကိုစိန်လှိုင်တဲ့။ “ မင်းအစ်ကို ကိုစိန်လှိုင်က သူ့ဓာတ်ပုံအောက်မှာ မင်းသားချော ရတနာပုံစိန်လှိုင် လို့ သူ့ဖာသာရေးတာကွ” ဟု လူပျိုကြီး ကိုဌေးအောင်က အမြဲပြောသည်။
နောက် ကျွန်တော် အရွယ်ရောက်လို့ စာဖတ်နိုင်သည့် အချိန်တွင် သင်္ဘောဝါးကြမ်းစင်ပေါ်က အဖေ့စာအုပ်လေး တွေကို ယူကာ ပျင်းပျင်းရှိတိုင်း ဖတ်ဖြစ်သည်။ ပုလဲဒါရူဇာတ်ထုပ်က ဇော်ဂျီနှင့် သူယောင်မယ်က ရသော သမီးပုလဲဒါရူကို ဇော်ဂျီက ဂူထဲက အပြင်မထွက်စေဘဲ တောထဲရှိ သစ်ဥသစ်ဖုများ ခူးဆွတ်ကာ ကျွေးမွေး စောင့်ရှောက်ထားသည်။ တစ်နေ့ ဖေဇော်ဂျီ သစ်သီးရှာသွားခိုက် တက္ကသိုလ်မှ ပညာသင်ပြီး၍ ပြန်လာသော ဘုရင့်သားတော်က ပြည်တော်အပြန် တောစခန်းနားစဉ် ပုလဲဒါရူကို တွေ့သွားပြီး မိဖုရားအဖြစ် တော်ကောက်ကာ ရွှေမြို့တော်သို့ ခေါ်သွားသည်။ ဇော်ဂျီပြန်အရောက် သမီးပျောက်တော့ အပူတိုက်ပေါ့။ သမီးစားဖု့ိ သစ်သီးတွေ ထမ်းပြီး ပြန်လာသော ဖေဇော်ဂျီခမျာ သမီးကိုရှာမတွေ့တော့ သစ်သီးတွေ ပစ်ချပြီး ငိုချင်းချရသည်။
“ ခရီးကန္တာ သည်းထန်စွာဟိုက်၊ လက်ခြေအများ မလှုပ်ရှား ကျုပ်အားလှိုက်လို့ ရင်၌ဖိုဖို သေမလိုပဲ ဖေလှဲလို့ငိုလိုက်ချင်..” ဟူသော ဇော်ဂျီ ငိုချင်းကို မှတ်မိနေသည်။ ထို့ပြင် ဇာတ်ပွဲအစ ပရိကံအဖြစ် မင်းသားကြီးက ပြည်ဖုံးကားရှေ့ ထွက်ကာ ရွတ်ရမည့် ဇာတ်စာကိုလည်း ထိုစာအုပ်ထဲတွင် အဖေရေးထားတာ တပိုင်းတစ မှတ်မိနေ၏။ ဘာတဲ့ “ သဘင်လာသမျှ တင်ပဏ္ဏာ သ ရမှာဖြင့်၊ ပညာကတော့ အရပ်သားတွေပါပဲ။ အရပ်သားပေမယ့် မှတ်သားစရာ နည်းလမ်းအဖုံဖုံ ပြဇာတ် ကဇာတ် အော်ပရာ အဆန်းတွေမို့ အရပ်ရပ် ကြော်ငြာကမ်းပြီး အပိုမပြောလိုပါဘူး။ အဆိုအပြော အမူအရာ သင်တာက ကိုပေါလူ ဆရာတင်ပြီး မဟာသဘင် အဖွင့် အချိန်တန်ပြီမို့ ရပ်ရွာလွှမ်းမယ့် ဇာတ် စာတမ်းလွှင့် ..” တဲ့။
ထို ပုလဲဒါရူဇာတ်ထုပ်ကို ရွာမှာ ကတော့ မင်းသားဖြစ်သူ ဖေဇော်ဂျီ ကိုကိုစိန်လှိုင်က တကယ့်ငှက်ပျောသီး သြဇာသီး မာလကာသီး အစစ်များကို ထမ်းပိုးနှင့် ထမ်းကာ ဗုံထောက်သံဖြင့် ပျော်ရွှင်စွာ ပြန်အလာ သမီးကို ကြိုနေကျ နေရာမှာလည်းမတွေ့၊ ဂူထဲမှာလည်းမရှိ၊ အသံပေးတော့လည်း မထူး၊ ပျောက်သွားတာ သေချာပြီဟု သိတော့ ထမ်းလာတဲ့ ထမ်းပိုးနဲ့ သစ်သီးတွေ ဇာတ်ခုံပေါ် ပစ်ချပြီး “ ခရီးကန္တာ သည်းထန်စွာဟိုက်၊ လက်ခြေအများ မလှုပ်ရှား ကျုပ်အားလှိုက်လို့ ရင်၌ဖိုဖို သေမလိုပဲ ဖေလှဲလို့ငိုလိုက်ချင်..” လို့ ငိုချင်းချမှာကိုး၊ ဒီနေရာက ဇာတ်ရဲ့ အသားပဲ။
ဒါပေမယ့် ဇာတ်စင် ပုဏ္ဏားကွယ်ကြားကြည့်နေကြတဲ့ ကိုဌေးအောင်ခေါင်းဆောင်တဲ့ ကလေးတွေက ကိုကိုစိန်လှိုင် ပစ်ချတဲ့ ငှက်ပျောသီးတွေ သြဇာသီးတွေ မာလကာသီးတွေကို ပုဏ္ဏားကွယ်ကြားက အပြေးအလွှား ထွက်လာကြပြီး ဇာတ်စင်ပေါ်မှာ အလုအယက် ကောက်ကြလို့ ငိုချင်းချတဲ့ ဇော်ဂျီ အပူတိုက်က သောသောရယ်ရတဲ့ အခန်းဖြစ်သွားတာတဲ့။ ဒီအကြောင်းကို လူပျိုကြီးကိုဌေးအောင်က အိမ်ရှေ့က လက်ဖက်ရည်ကြမ်းဝိုင်းမှာ ကိုကိုစိန်လှိုင် ရှေ့ ပြန်ပြောတော့ “ငါ့မှာ ဒီအခန်းအတွက် မန္တလေးမှာ ဇာတ်တိုက် ကတည်းက သေချာလုပ်ထားတာ တကယ့်ပွဲကျ ငတ်ကြီးကျတဲ့ ကောင်လေးတွေကြောင့် ပျက်ပါလေရော” ဟု တဟဲဟဲ ရယ်ရင်း ပြန်ပြောသည်။
ထိုအကြောင်းအရာကို ကျွန်တော်က နောက်တော့ ကဗျာလေးတစ်ပုဒ် ရေးဖွဲ့ခဲ့ဖူးသည်။ ၁၉၈၀ခုနှစ်ကျော် ကာလလောက်က ဖြစ်မှာပေါ့။ ကဗျာခေါင်းစီးက “မြိုင်ဟေဝန်ရယ်၊ မြိုင်ဟေဝန်ရယ်” တဲ့။
မြိုင်ဟေဝန်ရယ်၊ မြိုင်ဟေဝန်ရယ်
————————————
ငယ်စဉ်က ကြည့်ခဲ့ရတဲ့ဇာတ်ပွဲ
ပုလဲဒါရူ ဇာတ်ထုပ်ထဲမှာ
လိုဏ်ဂူနန်းထဲ သမီးကိုထား
ဖေဇော်ဂျီ သစ်သီးရှာ သွားတယ်၊
သမီးလေး စားစရာ ပိန္နဲ သြဇာ မာလကာ သရက်
ထမ်းပိုးထက်ထမ်း၊ တောလမ်းတလျှောက်
ဖေဇော်ဂျီ ဗုံထောက်သံနဲ့ ပြန်ခဲ့တယ်၊
ဖေဇော်ဂျီ ပြန်အရောက် သမီး ပုလဲဒါရူ တယောက်မှာ
ပျောက်နေပါလေရော၊
တက္ကသိုလ်ကအပြန်၊ တောစခန်းတနေရာ
ပုလဲဒါရူကို အတွေ့၊ ဘုရင့်သားတော်ရဲ့ ဇနီးမယားအဖြစ် အဓမ္မသိမ်းပိုက်ခံ
ပြည်တော်အပြန် သမီးပုလဲဒါရူ ခမျာ၊ လိုက်သွားရရှာတာကိုး၊
သမီးအပျောက် ခေါင်းမီးတောက်ညီး
ဖေဇော်ဂျီကြီးလည်း
“ခရီးကန္တာ သည်းထန်စွာဟိုက်၊ လက်ခြေအများ မလှုပ်ရှား ကျုပ်အားလှိုက်လို့
ရင်၌ဖိုဖို သေမလိုပဲ ဖေလှဲလို့ငိုလိုက်ချင်..” ဆိုကာ
ထမ်းလာတဲ့ သစ်သီးလုံးတွေ၊ ဝုန်းခနဲပစ်ချ ငိုချင်းချပါလေရော၊
ဖေဇော်ဂျီ အငိုကောင်းသမို့
လက်မောင်းမ မျက်ရည်တို့သူတို့ မျက်ရည်စို့သူစို့ကြချိန်
ကျွန်တော်တို့ ကလေးတဖော်
ဇာတ်ခုံပေါ် ပြေးတက်
ဖေဇော်ဂျီ အပူမီးနဲ့ လွှတ်ချတဲ့ သစ်သီး
လုပြီးကောက်စား
တယောက်က ပိန္နဲ၊ တယောက်က သြဇာ
တယောက်က သရက်၊ တယောက်က မာလကာနဲ့
ဘာဘာညာညာ မသိ၊ ငယ်စဉ်က ပွဲကြည့်ရတဲ့အကြောင်း။ ။
××××× ×××××
အခုတလော ဘာရယ်မဟုတ်၊ “အပူမီးနဲ့ လွှတ်ချတဲ့ သစ်သီး၊ လုပြီးကောက်စား” ဆိုတဲ့ စာသားလေးက နှစ်ပေါင်း ၄၀ကျော် အလည်လွန်နေရာကနေ နှုတ်ဖျားမှာ ခဏခဏ ရောက်လာနေလေရဲ့။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် # အပူမီးနှင့်လွှတ်ချတဲ့သစ်သီးလုပြီးကောက်စား