တာချီလိတ်မှာ သုံးရက်အတွင်း လိုင်စင်မဲ့ကား အစီး ၅၀ သိမ်းဆည်းခံရပြီး လူကိုးယောာက် ဖမ်းဆီးခံရ

ZY(VOM)
ဖေဖော်ဝါရီ ၇၊ ၂၀၂၅
မြန်မာ-ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ရက်ကနေ ၇ရက်အထိ ၃ရက်တာကာလအတွင်း လိုင်စင်မဲ့ကား အစီး (၅၀) သိမ်းဆည်းခံရပြီး လူကိုးယောက် ဖမ်းဆီးခံရတယ်လို့ ဌာနဆိုင်ရာသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
တာချီလိတ်မြို့တွင်းရှိ “SKMM” ကားအရောင်း စင်တာ၊ “FORD TACHILEIK” ကား အရောင်းစင်တာ၊ “SYK” ကားရေဆေးနှင့် အလှဆင်ဆိုင်၊ “KKK”ကားရောင်းဝယ်ရေး၊ “ဟောင်” ကားအရောင်းစင်တာ၊ “IC” ကားရေဆေးခုံ နှင့် ကားဝပ်ရှော့တို့အပါအဝင် နေရာပေါင်း ၂၂ခုကို ဝင်ရောက်စစ်ဆေးပြီး ကားတွေ သိမ်းဆည်းကာ လူကိုးယောက် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျိုင်းတုံက ဒုပြည်နယ်ရဲမှူးကိုယ်တိုင် ညွှန်ကြားပြီးတော့ ဝင်စစ်ဆေးတာပါ။ ဖမ်းခံရတဲ့သူတွေကတော့ မန်နေဂျာ၊ အရောင်းစာရေးနဲ့ ကားပြင်တဲ့သူတွေ။ လာပြင်ထားတဲ့ ကားတွေကိုပါ ဝင်ဖမ်းသွားတာ။ အခုထိတော့ ဘာဆက်လုပ်ရမယ်ဆိုတာ ညွှန်ကြားချက်မလာသေးဘူး။ ကားတွေကိုလည်း ပြန်ထုတ်ပေးဖို့ အစီအစဉ်မရှိဘူးထင်တယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
ဖမ်းဆီးခံရသူ ကိုးယောက်အနက် ခြောက်ယောက်ကို တာချီလိတ်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားသလို ကျန် သုံးယောက်ကို ဟောင်လိတ်နယ်မြေရဲစခန်းမှာ ဖမ်းဆီးထားပြီး ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ-၈မနဲ့ ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ-၁၀ တို့နဲ့ အမှုဖွင့်ထားကြောင်း၊ ဖမ်းဆီးသိမ်းဆည်းထားတဲ့ ကားတွေကို ဟောင်လိတ်နယ်မြေရဲစခန်းမှာ သိမ်းဆည်းထားကြောင်း သိရပါတယ်။
ရှမ်းပြည်အရှေ့ပိုင်းမှာ တရားမဝင် ကားဂိတ်တွေ ဖွင့်လှစ်တာ၊ တရားမဝင် ယာဥ်လိုင်းတွေ ပြေးဆွဲတာ၊ လိုင်စင်မဲ့ မော်တော်ယာဥ်တွေ၊ မော်တော်ဆိုင်ကယ်တွေ မရှိစေရေးအတွက် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ တားဆီးစစ်ဆေးသွားဖို့ TASK FORCEအဖွဲ့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ရက်က ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
တာချီလိတ်မြို့အပါအဝင် ရှမ်းပြည်နယ်တဝှမ်းလုံးမှာ အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင် အများစု လိုင်စင်မဲ့ကားတွေကိုသာ အများဆုံးစီးနှင်အသုံးပြုကြတာဖြစ်ပေမယ့် လိုင်စင်မဲ့ကားတွေကို အခုလို အကြောင်းမဲ့ဖမ်းဆီးသိမ်းဆည်းမှုအပေါ် ဒေသခံတွေကလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
ဓာတ်ပုံ-Local

Related posts

Leave a Comment

VOM News

FREE
VIEW