ကလေးမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ တိမ်းရှောင်

ဖေဖော်ဝါရီ ၁၁ – ၂၀၂၅
SN (VOM)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာ ငါးရွာမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံအများအပြား တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွဆီက သိရပါတယ်။
ကလေးမြို့နယ်အတွင်းရှိ ရန်ကြီးအောင်၊ ဆည်တော၊ တင်သား၊ ရှားဖိုနဲ့ ကျော်ရွာတို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်ကာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာကြောင့် အဲဒီ ကျေးရွာတွေက ဒေသခံတွေအပြင် အနီးအနားကျေးရွာတွေဖြစ်တဲ့ မှန်တော၊ ဒိုးနွယ်၊ ကျောက်ဖူး၊ ကုက္ကိုလ်၊ အရှေ့စီး၊ ကြန်သာ စတဲ့ ကျေးရွာတွေက ဒေသခံတွေပါ တိမ်းရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။
“လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက် သေဆုံးတာ၊ နေအိမ် ပျက်စီးတာတွေလည်း ရှိတယ်။ လူအရေအတွက်ကိုတော့ လောလောဆယ် အခြေအနေမငြိမ်သေးတော့ အတည်ပြုလို့မရသေးဘူး။ ဒေသခံတွေကတော့ ဘေးလွတ်ရာကို ရွာလုံးကျွတ် ရှောင်ကုန်ကြပြီ။ ရွာထဲကို ဘယ်သူမှ ပြန်မဝင်ရဲကြတော့ဘူး” လို့ ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ နေရာထိုင်ခင်းအပြင် ရာသီဥတုအေးနေဆဲ ဖြစ်တာကြောင့် အနွေးထည်နဲ့ စောင်တွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း ကလေးနယ်တောင်ပိုင်းက ဒိုးနွယ်ရွာနဲ့ အရှေ့စည်း သင်္ချိုင်းကြားမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း တင်သားရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း တင်သားကျေးရွာနဲ့ အနီးတဝိုက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ကိုးယောက် သေဆုံးကာ ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် စစ်ကိုင်းမြို့နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေရှိနေတဲ့အပြင် ဒေသခံတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အလားတူ တန့်ဆည်မြို့နယ်၊ မူးဂွရွာအနီးမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေသလို ဖားကန့်မြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက ဟုမ္မလင်းမြို့နယ်မှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရေပေါ်မီး၊ စုံတွဲမှော်၊ နန့်သာ စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာထဲကို စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW