OSC နဲ့ကောင်းဆေးရုံ ပိတ်မှာမှန်ပြီး ဂရန်းဟံသာ နဲ့ဆာကူရာဆေးရုံပိတ်မယ်ဆိုတာ သတင်းအမှားလို့ ဆေးရုံကဆို

ဖေဖော်ဝါရီ ၁၄ -၂၀၂၅
GG (VOM)
ရန်ကုန်မြို့က ဂရန်းဟံသာ ပုဂ္ဂလိကဆေးရုံကြီးနဲ့ OSC ဆေးရုံအပါအဝင် ဆေးရုံ ၉ ခုကို ယာယီပိတ်သိမ်းခြင်းနဲ့ အပြီးပိတ်သိမ်းခြင်း ပြစ်ဒဏ်တွေချမှတ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဂရန်းဟံသာဆေးရုံကို တနှစ်၊ ဆာကူရာဆေးရုံကို ခြောက်လ၊ OSC ဆေးရုံကို တနှစ်၊ ကောင်းဆေးရုံကို သုံးလ၊ သမိုင်းဆေးရုံကို သုံးလ၊ ကောင်းစုအောင် ဆေးရုံကို သုံးလ ပြစ်ဒဏ်ချမှတ်ပြီး ချမ်းမြေ့ဆေးရုံ၊ မြတ်တော်ဝင်ဆေးရုံနဲ့ ကျန်းမာသုခဆေးရုံတို့ကိုတော့ အပြီးပိတ်သိမ်းခံရတယ်ဆိုပြီးသတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
အဆိုပါဆေးရုံတွေ ပြစ်ဒဏ်ချမှတ်ခံရတယ်ဆိုတဲ့သတင်းအပေါ် VOM မှ စုံစမ်းခဲ့ရာ OSC ဆေးရုံနဲ့ ကောင်းဆေးရုံ တို့ကတော့ ယာယီပိတ်ထားမှာမှန်ကြောင်း သိရှိရပါတယ်။
OSC မှာ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူက ” ဆေးရုံပိတ်မယ်လို့ပြောတယ်။ကျန်တာဘာမှမသိရသေးဘူး။ဘယ်နေ့စပိတ်မယ်ဆိုတာလည်းမသိသေးဘူး။အခုအမတို့လည်းဆေးရုံမှာ။လူနာတွေလည်းရှိနေတယ်။” လို့ ပြောပါတယ်။
ဂရန်းဟံသာ ဆေးရုံကြီးနဲ့ဆာကူရာဆေးရုံကတော့ သူတို့ဆေးရုံတွေ ပိတ်မယ်ဆိုတာ မဟုတ်ဘဲ သတင်းမှားသာဖြစ်ကြောင်း ဆေးရုံရဲ့တရားဝင်လူမှုကွန်ယက်စာမျက်နာကနေ ရေးသားအသိပေးထားပါတယ်။
ဂရန်းဟံသာဆေးရုံက” သတင်းအမှားတွေသာဖြစ်ပါတယ်။မပိတ်ပါဘူး။ ၂၄ နာရီ ၇ ရက်လုံးပိတ်ရက်မရှိအမြဲဖွင့်လှစ်ထားပါတယ်။” လို့ ပြောထားပါတယ်။
ဆာကူရာဆေးရုံကလည်း ” မပိတ်ပါဘူး။သတင်းအမှားသာဖြစ်ပါတယ် ။”လို့ ပြောထားတာပါ။
အင်းစိန်မြို့နယ်က ကောင်းဆေးရုံ ကတော့ သုံးလယာယီပိတ်မယ်လို့ ဆေးရုံနီးစပ်သူဆီကသိရပါတယ်။
” သုံးလ ယာယီပိတ်လို့ နားရမယ်တော့ ပြောတယ်။ ပြန်ဖွင့်ရင် အကြောင်းကြားမယ်တဲ့။ ဘာကြောင့်ပိတ်တာလဲဆိုတာ မသိပါဘူး။” လို့ ဆေးရုံကအမည်မဖော်လိုသူ သူနာပြုကပြောပါတယ်။
ကောင်းစုအောင်ဆေးရုံကတော့ ဆေးရုံ ပိတ် မပိတ်အပေါ် အတိအကျသတင်းမထုတ်သေးပေမယ့် ပြသနေဆဲလူနာတွေကိုတော့ အဆင်ပြေအောင်ဆောင်ရွက်ပေးမယ်လို့ ပြောဆိုကြောင်း ကုသနေတဲ့လူနာရှင်တွေဆီကသိရပါတယ်။
ကျန်တဲ့ ချမ်းမြေ့၊သမိုင်းဆေးရုံ၊ မြတ်တော်ဝင် ၊ကျန်းမာသုခ ဆေးရုံတွေနဲ့ပတ်သက်လို့တော့ အသေးစိတ်မသိရသေးပါဘူး။
ယခု ပြစ်ဒဏ်ချမှတ်ခံရတယ်ဆိုပြီးသတင်းထွက်တဲ့ ဆေးရုံ ၉ ခုလုံးကတော့ ဆေးရုံမှာ CDM ကျန်းမာရေးဝန်ထမ်းတွေ ကို လက်ခံပြီး အလုပ်ခန့်ထားတာကြောင့် ခုလိုပြစ်ဒဏ်ချခံရတာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပေမယ့် နစကဘက်မှတော့ တရားဝင်ထုတ်ပြန်တာမရှိသေးသလို ရန်ကုန်တိုင်း အစိုးရအဖွဲ့ကလည်းသတင်းတစုံတရာထုတ်ပြန်ခြင်းမရှိသေးပါဘူး။
မန္တလေးမြို့ပေါ်က နာမည်ကြီးဆေးရုံ ခုနစ်ရုံဖြစ်တဲ့ ချမ်းအေးသာစံမြို့နယ်က ပန်းလှိုင်ဆေးရုံ၊ မြတ်ချယ်ရီ၊ မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက်နဲ့ ပြည်ကြီးတံခွန်မြို့နယ်က လန်ဒန်၊ ဇီဝကအပြင် ပုသိမ်ကြီးမြို့နယ်က ငြိမ်းချမ်း စတဲ့ ဆေးရုံတွေ သုံးလ ပိတ်သိမ်းရမယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလကလည်း CDM ဆရာဝန်တွေကို လက်ခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ ငါးရုံဖြစ်တဲ့ နန်းတော်ဆေးရုံ၊ မြို့တော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ စိန်ပန်းဆေးရုံ၊ ထက်နေလင်းဆေးရုံတို့ကို ငါးလကြာ ပိတ်သိမ်းခဲ့ပြီး ညှိနှိုင်းပြီး ပြေလည်မှုရမှသာ ပြန်လည် ဖွင့်ခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်ကလည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၂၇ ရပ်ကွက်၊ ဆရာစံလမ်းမှာ ဖွင့်လှစ်ထားတဲ့ ပင်လုံ ပုဂ္ဂလိကဆေးရုံကို နစက က ဖေဖော်ဝါရီလနဲ့ မတ်လမှာ နှစ်လ ယာယီ ပိတ်သိမ်းခိုင်းခဲ့သလို သင်္ဃန်းကျွန်းမြို့နယ်က အောင်ရတနာ ပုဂ္ဂလိကဆေးရုံကိုလည်း မေလ ၁ ရက်နေ့ကစပြီး အချိန်နှစ်လကြာ ယာယီ ပိတ်သိမ်းထားမှု ပြုလုပ်ခဲ့ပါသေးတယ်။
Photo – လူမှုကွန်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW