တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဖေဖော်ဝါရီ ၁၇ – ၂၀၂၅
SN (VOM)
ဒီတပတ် ပြည်တွင်းရွှေဈေးကွက်မှာတော့ အခေါက်ရွှေဈေး ဆက်တိုက်ဆိုသလို မြင့်တက်လာကို တွေ့ရပါတယ်။ အမေရိကန်ဒေါ်လာဈေးကတော့ ၄၅၀၀ ဝန်းကျင်နဲ့ ဒီတပတ်မှာ ဈေးငြိမ်နေပါတယ်။
စက်သုံးဆီ ဈေးကွက်မှာတော့ ဆီဈေးနှုန်းတွေက အရင်တပတ် ရည်ညွှန်းဈေးအတိုင်း မပြောင်းလဲဘဲ ရှိနေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းတချို့ ဈေးပြန်တက်နေပြီး တခြားကုန်စည် အများစုကတော့ အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။
#ပြည်တွင်းရွှေဈေးနှုန်း
ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့တပတ် ဖေဖော်ဝါရီ ၅ ရက်နေ့၊ ညနေပိုင်းကစလို့ အတက်ဘက်ကို ရောက်ရှိလာခဲ့တာပါ။ အဲဒီနောက်ပိုင်း တောက်လျှောက် မြင့်တက်လာခဲ့တာမှာ ဒီတပတ် ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ ညနေပိုင်းမှာတော့ အမြင့်ဆုံးဈေး ခြောက်ဆယ့်ခုနစ်သိန်း နှစ်သောင်းဝန်းကျင်အထိ ရောက်ရှိခဲ့တာကို တွေ့ရပါတယ်။
တပတ်တာအတွင်း အနိမ့်ဆုံးဈေးကတော့ ဖေဖော်ဝါရီ ၁၀ ရက်နေ့၊ ညနေပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ‌ကျပ် ခြောက်ဆယ့်ငါးသိန်း သုံးသောင်းဝန်းကျင်ဈေး ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက် (စနေနေ့) မှာတော့ ကျပ် ခြောက်ဆယ့်ခုနစ်သိန်းဝန်းကျင်နဲ့ ဈေးပိတ်ခဲ့တာကို တွေ့ရပါတယ်။
“ရွှေဈေးကွက် အခြေအနေက နည်းနည်းချင်း ပြန်တက်လာတာပေါ့။ ကမ္ဘာ့ရွှေဈေးတွေကလည်း ၂၉၀၀ ကျော်အထိ ရောက်သွားတာကိုး။ ပြည်တွင်း ဒေါ်လာဈေးကတော့ ငြိမ်တယ်လို့ ပြောရမှာပေါ့။ ဒေါ်လာဈေးက ငြိမ်တဲ့အပြင် နည်းနည်းတောင် ကျတယ်လို့ ပြောရမယ်။ အဲဒါကြောင့် ကမ္ဘာ့ဈေးတက်ပေမယ့် ပြည်တွင်းရွှေဈေးက အများကြီး လိုက်မတက်ဘူး။ ကမ္ဘာ့ဈေးကတော့ စံချိန်တင်ကိုပဲ တက်လိုက်ကျလိုက် ဖြစ်နေတာက အခုဆိုရင်တော့ တော်တော်လေးကို မြင့်နေပါတယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် (တနင်္လာနေ့) က တအောင်စ ၂၇၇၇ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ် ဖေဖော်ဝါရီလ ၁၀ ရက် (တနင်္လာနေ့) မှာတော့ တအောင်စ ၂၈၇၄ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ပြီး တပတ်တာအတွင်း တအောင်စ ၉၇ ဒေါ်လာ မြင့်တက်လာတာကို တွေ့ရပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ မနက်ပိုင်းမှာတော့ ကမ္ဘာ့ရွှေ စံချိန်တင် အမြင့်ဆုံးဈေး တအောင်စ ၂၉၄၀ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက် (စနေနေ့) မှာတော့ တအောင်စ ၂၈၈၂ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့တာကို တွေ့ရပါတယ်။
#နိုင်ငံခြားငွေလဲဈေးနှုန်း
လက်ရှိ နိုင်ငံခြားငွေကြေး ဈေးကွက်မှာတော့ ငွေလဲဈေး အများစု ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ အမေရိကန်ဒေါ်လာဈေးက လက်ရှိမှာ ၄၅၀၀ ကျပ်ဝန်းကျင်ကို ရောက်ရှိလို့နေပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ အွန်လိုင်းငွေကြေးဈေးကွက် (FX Mkt Online Trading Platform) ကနေ နိုင်ငံခြားငွေကြေးတွေ ဆက်တိုက်ဆိုသလို ထုတ်ရောင်းပေးလျက်ရှိတာမှာ ဒီတပတ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာလည်း အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၄ သန်းကျော်၊ ထိုင်းဘတ် ငါးသိန်း ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ တရုတ်ယွမ် ငါးသိန်းကျော်၊ ထိုင်းဘတ် ခြောက်သိန်းနီးပါးနဲ့ အိန္ဒိယရူပီး လေးသန်းကျော် ထုတ်ရောင်းပေးခဲ့ပြီး ၁၄ ရက်နေ့မှာ အမေရိကန်ဒေါ်လာ တသိန်းကျော်၊ တရုတ်ယွမ် တသန်းနဲ့ ထိုင်းဘတ် ကိုးသိန်းခွဲကျော်ကို ထပ်မံ ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။
အခုတပတ်မှာတော့ အမေရိကန်ဒေါ်လာဈေးဟာ ၄၅၀၀ နဲ့ ၄၅၁၀ ဝန်းကျင်မှာသာ အတက်အကျ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုပဲ တခြားသော ငွေလဲဈေးတချို့လည်း ဈေးငြိမ်နေခဲ့ပြီး ထိုင်းဘတ် ၁၃၂ ဝန်းကျင်၊ အိန္ဒိယရူပီး ၅၁ ဝန်းကျင်မှာ မပြောင်းမလဲ ရှိနေတာကို တွေ့ရပါတယ်။
စင်္ကာပူဒေါ်လာကတော့ ဈေးအတက်နဲ့ အနည်းငယ် ပြောင်းလဲမှုရှိခဲ့ပြီး ၃၃၉၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေပါတယ်။ တရုတ်ယွမ်ကတော့ ၆၁၄ ဝန်းကျင်နဲ့ ဈေးအနည်းငယ် ပြန်ကျနေတာကို တွေ့ရပါတယ်။
#စက်သုံးဆီဈေးနှုန်း
စက်သုံးဆီ ဈေးနှုန်းတွေကတော့ ပြီးခဲ့တဲ့ တပတ်ကအတိုင်း အပြောင်းအလဲမရှိ ဈေးငြိမ်နေပြန်ပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့က ဆီရည်ညွှန်းဈေးကို ၉၂ ဓာတ်ဆီ တလီတာ ၃၁၆၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၂၀ ကျပ်၊ ဒီဇယ် တလီတာ ၂၇၃၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၃၇၀ ကျပ်ဆိုပြီး ထုတ်ပြန် ကြေညာထားတာပါ။
ပြည်တွင်း စက်သုံးဆီအတွက် အခု ဖေဖော်ဝါရီလအတွင်း သင်္ဘော ၂၉ စင်း တင်သွင်းထားတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
သီလဝါရှိ ဆီချဆိပ်ကမ်းတွေမှာ စက်သုံးဆီတင်သင်္ဘော ခြောက်စင်း၊ ပင်လယ်ဝမှာ သင်္ဘော သုံးစင်း ရောက်ရှိနေပြီဖြစ်သလို လမ်းခရီးမှာ သင်္ဘော တစင်းနဲ့ ပြည်ပနိုင်ငံမှာလည်း စက်သုံးဆီတင်ဆောင်နေတဲ့ သင်္ဘော ၁၀ စင်း အသင့်ဖြစ်နေပြီလို့ သိရပါတယ်။
နေ့စဉ်သုံးစွဲမှု ပမာဏအပြင် အရန်ဆီအနေနဲ့ တလစာခန့် တင်သွင်းသိုလှောင်ထားရှိပြီး သီလဝါဆိပ်ကမ်းမှတဆင့် နိုင်ငံတဝန်းကို ဖြန့်ဖြူး ပို့ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
#အခြေခံစားသောက်ကုန်ဈေးနှုန်း
ဒီတပတ် အခြေခံစားသောက်ကုန် ဈေးကွက်မှာလည်း ကုန်စိမ်းဈေးတွေ ထပ်မံ ကျဆင်းနေပါတယ်။ တချို့ ကုန်စည်တွေကတော့ အမြင့်‌ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။
စားဆီဈေးကွက်ထဲမှာတော့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ရည်ညွှန်းဈေး သတ်မှတ်ချက်မှာ ၇၀၇၅ ကျပ် ဖြစ်ပြီး အရင်တပတ်ကထက် ၉၀ ကျပ် ကျဆင်းလာတာကို တွေ့ရပါတယ်။
ပြင်ပဈေးကွက်ရဲ့ စားသုံးဆီဈေးကတော့ ကျပ် တသောင်းသုံးထောင်ဝန်းကျင် ဈေးအတိုင်း ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်း ရောင်းချပေးတဲ့ ဆီထုတ်ဈေးကတော့ ၇၅၀၀ ကျပ်ဈေး ဖြစ်လာပြီး အရင်တပတ်ကထက် ကျပ် ၁၀၀ ဝန်းကျင် ကျဆင်းလာပါတယ်။
ဆန်ဈေးနှုန်းတွေကတော့ အမြင့်ဈေးအတိုင်း ဆက်ရှိနေပြီး ဆန်ကြမ်း အမျိုးအစားတွေဖြစ်တဲ့ ဇီယာရှယ် တအိတ် ရှစ်သောင်းရှစ်ထောင်ကျပ်၊ မြောင်းမြမနောသုခ တအိတ် ကိုးသောင်းခြောက်ထောင်ကျပ် ဝန်းကျင်မှာ ရှိနေပါတယ်။ ဆန်ချောကတော့ ဧရာပေါ်ဆန်း ထူးထူးရှယ်သစ် တအိတ် တသိန်းလေးသောင်း ရှစ်ထောင်ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး အိုးဝင်ထိပ်စ တအိတ် တသိန်းခြောက်သောင်း ရှစ်ထောင်ကျပ်ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
ကြက်ဥ၊ ဘဲဥကတော့ ပုံမှန်အမြင့်ဈေးမှာ ဆက်ရှိနေပြီး ကြက်ဥ အရွယ်အစားအလိုက် တလုံးကို ကျပ် ၃၅၀ ကနေ ၄၅၀ ကျပ်ဝန်းကျင်အထိ ရှိနေပါတယ်။ အဲဒီလိုပဲ ဘဲဥဈေးဟာလည်း အရွယ်အစားအလိုက် ၅၀၀ ကျပ်ကနေ ၆၀၀ ကျပ်အထိ ရှိနေပါတယ်။
ဈေးကွက်ထဲမှာ အာလူးနဲ့ ကြက်သွန်ဖြူဈေးတွေ ပြန်တက်လာပြီး ကြက်သွန်နီကတော့ အရင်တပတ်က ဈေးနှုန်းအတိုင်း ရှိနေတာကို တွေ့ရပါတယ်။ အာလူး တပိဿာ ကျပ် ၅၀၀၀ ကနေ ၇၀၀၀ ဝန်းကျင်ဈေး ဖြစ်လာပါတယ်။ ကြက်သွန်ဖြူကလည်း အမျိုးအစားအလိုက် တပိဿာ ကျပ် တသောင်းခြောက်ထောင်ကနေ ကျပ် တသောင်းရှစ်ထောင် ဝန်းကျင်ဈေး ဖြစ်လာပါတယ်။ ကြက်သွန်နီကတော့ အမျိုးအစားအလိုက် တပိဿာ ကျပ် ၄၀၀၀ ကနေ ၄၅၀၀ ဝန်းကျင်ဈေးမှာ ရှိနေပါတယ်။
ကုန်စိမ်းဈေးကွက်မှာ ကုန်စည်အများစု ဈေးကျနေပေမယ့် တချို့ ကုန်စည်တွေကတော့ ဈေးပြန်တက်လာပါတယ်။ ဂေါ်ဖီထုပ် တထုပ် ၂၀၀၀ – ၂၅၀၀ ကျပ်ဈေးမှာ ပုံမှန်အတိုင်းရှိနေပါတယ်။ ပန်းဂေါ်ဖီဈေးကတော့ ကျပ် ၁၅၀၀ ဝန်းကျင်နဲ့ အနည်းငယ် ဈေးတက်လာပါတယ်။ အဲဒီလိုပဲ ပန်းဂေါ်ဖီ အစိမ်းကလည်း တပွင့် ကျပ် ၂၀၀၀ – ၂၅၀၀ နဲ့ ဈေးတက်လာပါတယ်။
တရုတ်ကန်စွန်းရွက် တစည်း ၅၀၀ ကျပ်၊ ရိုးရိုးကန်စွန်းရွက် တစည်း ၂၀၀ ကျပ်နဲ့ ဈေးကျနေပါတယ်။ အဲဒီလိုပဲ ခရမ်းချဉ်သီးကလည်း တပိဿာ ၃၀၀၀ – ၄၀၀၀ ကျပ်ဝန်းကျင်နဲ့ အကျဘက်ကို သွားနေပါတယ်။
ရပ်ကွက်ဈေးတွေမှာ ငါးဈေးတွေက အကျဘက်ကို ဆက်သွားနေပြီး ပုစွန်ဈေးတွေကတော့ ပုံမှန်အတိုင်း ရှိနေပါတယ်။ ငါးမြစ်ချင်း တပိဿာ ကျပ် တသောင်း ခြောက်ထောင်ဝန်းကျင် ဖြစ်လာပါတယ်။ အဲဒီလိုပဲ ငါးကြင်းဈေးကလည်း တပိဿာ ကျပ် တသောင်းရှစ်ထောင်ဝန်းကျင်နဲ့ ဈေးကျလာကို တွေ့ရပါတယ်။ ပုစွန်ဈေးတွေကတော့ အမျိုးအစားအလိုက် တပိဿာ ကျပ် နှစ်သောင်းကနေ ခြောက်သောင်းဝန်းကျင်အထိ ရှိနေပါတယ်။
အသားဈေးကွက်မှာတော့ ကြက်သား‌ဈေးက ပုံမှန်အတိုင်းရှိနေပြီး ဝက်သားကတော့ ဈေးပြန်တက်နေပါတယ်။ ကြက်သား တပိဿာ ကျပ် တသောင်းရှစ်ထောင်ဈေး ဖြစ်ပါတယ်။ ဝက်သားကတော့ တပိဿာ ကျပ် သုံးသောင်းခြောက်ထောင်ဈေးမှာ ရှိနေပါတယ်။
အမဲသားနဲ့ ဆိတ်သား ဈေးကွက်မှာတော့ အမဲသားက တပိဿာ ကျပ် နှစ်သောင်းခွဲဝန်းကျင်နဲ့ ဈေးကျလာပါတယ်။ ဆိတ်သားကတော့ တပိဿာ ကျပ် သုံးသောင်းကိုးထောင်နဲ့ ပုံမှန်အတိုင်း ရှိနေပြီး အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။
Photo:CJ
#voiceofmyanmar #VOM #ရွှေ #ဒေါ်လာ #စက်သုံးဆီ #အခြေခံစားသောက်ကုန် #တပတ်တာ #ဈေးကွက်

Related posts

Leave a Comment

VOM News

FREE
VIEW