ဖေဖော်၀ါရီ ၊ ၁၇ ၊ ၂၀၂၅
ကျော်ဟိန်း (VOM)
မနေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ကင်မွန်းတော် တိုက်ပွဲမှာ ထိခိုက် သေဆုံးသူများပြားတာကြောင့် မုံရွာ – မန္တလေး- ချောင်းဦး ကားလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ CHU – PDF က လူမှုကွန်ယက်ပေါ်မှာ မနေ့က ထုတ်ပြန်ထားတယ်လို့ မုံရွာ – မန္တလေး ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
“ညက ရန်ကုန် – မုံရွာအတက်ကားတွေ ထွက်လာကြတယ် ၊ပုံမှန်အချိန်တော့ ရောက် မရောက်မသိရသေးဘူး၊ လမ်းကြောင်း အခြေနေရတော့ ပိတ်ထားတယ်လို့ သိရတယ် ” လို့ ရန်ကုန် – မုံရွာ နေ့စဥ်ပြေးဆွဲနေတဲ့ ကားလုပ်ငန်းရှင် တယောက်က ပြောပါတယ် ။
မနေ့က ချောင်းဦး PDF ရဲ့ လူမှုကွန်ယက်ပေါ်မှာ ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာ ဖော်ပြပါရှိတာက ၁၅ ရက် ဖေဖော်၀ါရီ ၂၀၂၅ စ၍ မုံရွာ ၊ မန္တလေး ၊ ချောင်းဦး လမ်းပိုင်းကို ယခု ကြေညာချက် ထုတ်ပြန်ချိန်မှစ၍ နောက်ထပ် ကြေညာချက် တစုံတရာ မထုတ်ပြန်မီအထိ အရေးပေါ် လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်သည်လို့ ဖော်ပြထားပါတယ်။
” မုံရွာ – မန္တလေး လမ်းမှာ ပြီးခဲ့တဲ့ လေးနှစ်တာ ကာလအတွင်း ကားလမ်းဘေးမှာ မိုင်းဘေး အန္တရာယ်ကြောင့် ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရသူပေါင်း တရာကျော် ရှိတယ် ၊ အဲ့ဒီအထဲမှာ ထောင်ပြောင်းရွေ အကျဥ်းသားတွေနဲ့ လုံခြုံရေး ၀န်ထမ်းတွေလည်း ပါ၀င်တယ် ” လို့ လူမှုကူညီရေးအဖွဲ့က တာ၀န်ရှိသူ တယောက်က ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ကားလမ်းတွေအနက် အင်းတော်-ဗန်းမောက်လမ်း ၊အင်းတော်-ရွေဘို လမ်းပိုင်း ရွေဘို-မန္တလေး လမ်းပိုင်း ၊ ကောလင်း -ပင်လည်ဘူး ၊ ဖောင်းပြင်-ဟုမ္မလင်း လမ်းပိုင်းနဲ့ ကလေး-တမူးလမ်းပိုင်းတွေဟာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားခဲ့တာ သုံးနှစ်ကျော်ခဲ့ပြီလို့ ကားသမားတွေဆီက သိရပါတယ်။