ဖေဖော်ဝါရီ ၁၉ – ၂၀၂၅
CC (VOM)
မကြာမီကျင်းပတော့မယ့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စာမေးပွဲဖြေဆိုခွင့်လျှောက်ထားတဲ့ ကျောင်းသားကျောင်းသူ ၂ သိန်းကျော်အထိရှိပြီး ဖြေဆိုခွင့်လျှောက်လွှာတွေကိုတော့ စာမေးပွဲမဖြေခင်တရက်အလိုအထိ လက်ခံပေးသွားမယ်လို့မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကသိရပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းသွင်းဖို့အတွက် အကြောင်းအမျိုးမျိုးကြောင့် နောက်ကျတဲ့ ကျောင်းသား ကျောင်းသူတွေအားလုံး စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်စေ ရေးအတွက် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းမှုကို စာမေးပွဲ မကျင်းပမီ တရက်အလို မတ်လ ၁၆ ရက်နေ့အ ထိ လက်ခံပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။
” မနက်ဖြန်ဖြေမယ်ဆိုရင် ဒီနေ့ညနေ ၄ နာရီအထိ ဖြေဆိုခွင့်လျှောက်လွှာကို လက်ခံပေးမှာပါ။အဓိက စာမေးပွဲဖြေဆိုဖို့ကြိုးစားနေတဲ့ကျောင်းသူကျောင်းသားအားလုံး နောက်ဆုံးရက်အထိကြိုးစားလို့ရအောင်ပါ။ခုနှစ် စာမေးပွဲဖြေဖို့လျှောက်လွှာတင်တာများတယ်။မနှစ်ကထက်ပိုတယ်။စနစ်သစ်နဲ့ဖြေတာ ဒီနှစ်နဲ့ဆိုနှစ်နှစ်ရှိပြီပေါ့။မနှစ်ကထက်တော့ မေးခွန်းတွေလေ့လာလို့ရတယ်ဆိုတော့ပြင်ဆင်ချိန်ကောင်းကောင်းရပါတယ်။” လို့ အထက်တန်းပြကျောင်းဆရာမတယောက်ကပြောပါတယ်။
ဒါအပြင် အကြောင်းကြောင်းကြောင့် နေရပ်စွန့်ခွာပြီး ပြောင်းရွှေ့နေထိုင်ကြသူတွေအနေနဲ့လည်း မူလစာရင်းသွင်းထားတဲ့ စာစစ်ဌာနတွေမှာ မဖြေဆိုနိုင်ပါက ရောက်ရှိနေထိုင်ရာဒေသရှိ သက်ဆိုင်ရာ မြို့နယ်ပညာရေး မှူးရုံးတွေနဲ့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကို ဆက်သွယ်ပြီး စာရင်းသွင်းကာစာမေးပွဲဖြေဆိုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမယ့် မတ်လ ၁၇ ရက်ကနေ ၂၂ ရက်ထိ ကျင်းပမှာဖြစ်ပြီး ပိတ်ရက်မရှိ ဆက်တိုက်ကျင်းပမှာဖြစ်ပါတယ်။
ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ စာမေးပွဲဖြေဆိုခွင့်လျှောက်ထားတဲ့ ကျောင်းသား ကျောင်းသူ ၂၂၀၀၀၀ ကျော်ရှိကြောင်း ၊တနိုင်ငံလုံးမှာ နယ်မြေအေးချမ်းတဲ့နေရာတိုင်း အပါအဝင် စာစစ်ဌာန ၈၀၀ ကျော်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတုန်းက စာမေးပွဲ ဖြေဆိုရန်စာရင်းပေးသွင်းခဲ့တဲ့ကျောင်းသားကျောင်းသူ ၁၄၅၂၀၀ ခန့် ရှိခဲ့ပြီး ဝင်ရောက်ဖြေဆိုခဲ့သူ ၁၂၀၀၀၀ ကျော်သာရှိခဲ့တာကြောင့် ခုနှစ်မှာ ဖြေဆိုဖို့စာရင်းပေးသွင်းသူ ၈၀၀၀၀ လောက်မြင့်တက်လာပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဒေသတွင်းလက်နက်ကိုင်တွေသိမ်းပိုက်ထားတဲ့ ဒေသတွေမှာတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ စာစစ်ဌာနဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။
Photo – CJ