မွေးမြူရေးစရိတ် ကြီးမြင့်လာပြီး ကြက်ဈေးကျလာလို့ ရှမ်း/တောင်က ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေ အရှုံးပေါ်

ZY(VOM)
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅
မွေးမြူရေးကုန်ကျစရိတ် မြင့်တက်လာပေမယ့် ကြက်ခြံဖမ်းစျေးက လက်ရှိဖေဖော်ဝါရီလအတွင်း ကျဆင်းလာတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းက ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေ အရှုံးပေါ်နေရတယ်လို့ လုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။
ကုမ္ပဏီထုတ် မွေးမြူရေးအစာစျေးတွေ အပါအဝင် ကြက်ပေါက်စျေးမြင့်တက်လာသလို စက်သုံးဆီဈေး မြင့်တက်လာတာကြောင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ မြင့်တက်လာပေမယ့် လက်ရှိကာလမှာ ကြက်ပေါက်ဖွားမှုနှုန်း လျော့ကျနေတဲ့အပြင် ကြက်ခြံဖမ်းစျေးကလည်း ကျဆင်းနေတာကြောင့် အရှုံးပေါ်နေတာဖြစ်တယ်လို့ သိရပါတယ်။
“ရှေ့လတုန်းကတော့ ခြံဖမ်းဈေးက တပိဿကို ၁၂၀၀၀လောက် ရတယ်။ အခုက ၁၁၀၀၀ ဝန်းကျင်ပဲ ရတော့တယ်။ ကြက်တစ်ပိဿအတွက် မွေးမြူရေးကုန်ကျစရိတ်က ၁၃၀၀၀ကျော်လောက် ရှိတော့ တပိဿကို ၂၀၀၀လောက် ရှုံးနေပြီ။ ဒီကြားထဲ ကြက်ပေါက်နှုန်းက မဖြစ်ရင် ပိုဆိုးတာပေါ့”လို့ တောင်ကြီးမြို့နယ်မှ ကြက်မွေးမြူရေးလုပ်ငန်းရှင်တယောက်က VOMကို ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကြက်အစာစျေးနူန်းတွေအနေနဲ့ အမျိုးအစားအလိုက် တအိတ်ကို ၉၀၀၀၀ ကျပ်ဝန်းကျင်ကနေ ၁၀၅၀,၀၀ ကျပ် ဝန်းကျင်ခန့်အထိ ပေါက်စျေးရှိနေပြီး ကြက်အရှင် ခြံဖမ်းစျေးကတော့ တစ်ပိဿာကို ၁၀၅၀၀ ကနေ ၁၁၀၀၀ ကျပ်လောက်ထိ ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။
“တပိုင်တနိုင်နည်းနည်းလေးပဲ မွေးကြတဲ့သူတချို့ကတော့ လုပ်ငန်းရပ်ကုန်ကြပြီ။ လုပ်ငန်းရှင်တွေကတော့ ရှူံးနေပေမယ့် လုပ်ငန်းရပ်လို့ မဖြစ်ဘူးလေ။ အရင်းအနှီးကများတော့ ရုန်းကန်ရင်း ဆက်လည်ပတ်နေရတာပေါ့”လို့ ရပ်စောက်မြို့နယ်မှ ကြက်မွေးမြူရေးလုပ်ငန်းရှင်တယောက်က VOMကို ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အသားစာကြက် မွေးမြူရေးလုပ်ငန်းတွေကို တောင်ကြီး၊ ရပ်စောက်၊ အောင်ပန်းစတဲ့ ဒေသတွေမှာ အများဆုံးလုပ်ကိုင်ကြပြီး တပိုင်တနိုင်လုပ်ကိုင်ကြသူတွေကတော့ မြို့နယ်တိုင်းလိုလိုမှာ ရှိနေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-gg

Related posts

Leave a Comment

VOM News

FREE
VIEW