ကိဗ်ယက်၊ ဖေဖော်ဝါရီ-၁၇-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ရည်ရွယ်ပြီး လာမယ့်ရက်အတွင်း ဆော်ဒီအာရေဗျမှာကျင်းပမယ့် ရုရှား-အမေရိကန်ဆွေးနွေးပွဲကို ယူကရိန်းတက်ရောက်မှာမဟုတ်ကြောင်း အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီဆွေးနွေးပွဲအတွက် ယူကရိန်းကို ဖိတ်ကြားထားတာမရှိဘူးလို့ ဆိုထားပြီး ကိုယ်စားလှယ်စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ယူကရိန်းရဲ့ ဆန္ဒမပါဘဲ ရရှိတဲ့ ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်သင့်ခံမှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ကြိမ်ဖန်များစွာ ပြောဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ နိုင်ငံခြားရေးမူဝါဒ အဓိကအကြံပေးတွေဖြစ်တဲ့ မာကိုရူဘီအို၊ မိုက်ဝေါ့ဇ်နဲ့ စတိဝှခ်အော့တို့ဟာ ဒီနေ့ညမှ ဆော်ဒီအာရေဗျကို သွားရောက်မှာဖြစ်ပါတယ်။ ရုရှား-အမေရိကန်ဆွေးနွေးပွဲအပေါ် တုံပြန်တဲ့အနေနဲ့ ဥရောပခေါင်းဆောင်တွေဟာ မနက်ဖြန် ပြင်သစ်မှာ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ရှိနေပါတယ်။
ယူကရိန်းအတွက် လိုအပ်ပါက မြေပြင်တပ်တွေ စေလွှတ်ပြီး လုံခြုံရေးအာမခံချက်အတွက် ပါဝင်ကူညီဖိုပ ပြင်ဆင်ထားကြောင်း အစည်းအဝေးမတိုင်ခင်မှာ ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။ ယူကရိန်းမှာ ထာ၀ရငြိမ်းချမ်းရေးရဖို့အတွက် ပူတင်ကိုနောက်ထပ်ရန်လိုမှုတွေကနေ ဟန့်တားဖို့လိုတယ်လို့ သူကဆိုပါတယ်။
ဒေါ်နယ်ထရန့်ဟာ ယခုသီတင်းပတ်အစောပိုင်းမှာ ရုရှားသမ္မတပူတင်နဲ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီချက်တစ်ရပ်ကို ဆွေးနွေးခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဆိုပါတယ်။
သူသမ္မတဖြစ်ပြီး မကြာခင် ယူကရိန်းစစ်ပွဲအဆုံးသတ်ရမယ်လို့ ဒေါ်နယ်ထရန့်က ကတိပြုထားပြီး သဘောတူညီချက်တစုံတရာ မရခဲ့ရင် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:BBC
Photo:Getty Images