ရွှေညဝါတောရကျောင်း ရေစက်ချပွဲမှာ နိုင်/ကျဉ်းဟောင်း မိသားစုဝင်တွေ တွေ့ဆုံခဲ့ကြ

ဖေဖော်ဝါရီ ၁၈ – ၂ဝ၂၅
KKO(VOM)
ရန်ကုန်မြို့၊မှော်ဘီမြို့နယ်က ရွှေညဝါတောရကျောင်းရဲ့ကျောင်း ဆောင်သစ် ရေစက်ချပွဲအခမ်း အနားမှာ နိုင်/ကျဉ်းဟောင်း မိသားစုဝင်အချို့တွေ့ဆုံခဲ့ကြတယ်လို့ အဲဒီပွဲကိုတက်ရောက်ခဲ့တဲ့ နိုင်/ကျဉ်းဟောင်းတယောက်က ပြောပါတယ်။
ကျောင်းဆောင်သစ်ရေစက်ချပွဲအခမ်းအနားနဲ့ နိုင်/ကျဉ်းဟောင်းများတွေ့ဆုံပွဲ အခမ်းအနားကို မှော်ဘီမြို့နယ်က ရွှေညဝါတောရ ကျောင်းမှာ အခုဖေဖော်ဝါရီလ ၁၇ ရက်၊နံနက်ပိုင်းအချိန်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“ဆရာတော်ကြီးက နိုင်/ကျဉ်းတွေကိုလှူနေတာ ကူညီထောက်ပံ့နေတာ ယနေ့အထိဆိုရင် အကြိမ်(၈၂) ကြိမ်ရှိပါပြီ။အရင်ပထမတခေါက်တုန်းကဆိုရင် အပြင်မှာရှိနေတဲ့ နိုင်/ကျဉ်းတွေရော အထဲမှာရှိတဲ့ နိုင်/ကျဉ်းတွေရော အားလုံးကိုထောက် ပံ့ပေးတာပါ။အခုအကြိမ်က အထဲမှာရှိနေကြတဲ့ သူတွေရဲ့ မိသားစုတွေကို ဆရာတော်ကြီးက သူရဲ့ကျောင်းရေစက်ချပွဲမှာထောက်ပံ့ကူညီပေးတာပါ။နိုင်/ကျဉ်းတွေကို ထောက်ပံ့ပေးအပ်တာပါ။အဓိက က သူ့ကျောင်းမှာကျောင်းရေစက် ချပွဲလုပ်တာပါ။ကျန်တာဆွေးနွေးခဲ့တာတွေ ထုတ်ပြန်တာတွေတော့ဘာမှမရှိပါဘူး။အလွတ်သဘော မိတ်ဟောင်း၊ဆွေဟောင်း ပြောဆိုခဲ့ကြတာတွေလောက်ပဲရှိပါတယ်”လို့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ နိုင်/ကျဉ်းဟောင်းတယောက်က ပြောပါတယ်။
ရွှေညဝါ ဆရာတော်ကြီးက လက်ရှိ အကျဉ်းကျခံနေရတဲ့ ပြင်ပမှာရှိနေတဲ့ နိုင်/ကျဉ်းဟောင်းမိသားစုဝင်တွေကို ကူညီထောက်ပံ့ရေးလက် ဆောင်ပစ္စည်းတွေအနေနဲ့
နိုင်/ကျဉ်း မိသားစု၀င်အိမ်ထောင်စု (၁၃၀)ကျော်ကို တစုငွေ (၁၅၀၀၀) ကျပ်၊ဆန်(၄) ပြည်၊ဆီ၊ကြာဇံ ဗမာဆေးမျိုးစုံတိုကို့ ပေးအပ်လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒေါက်တာမျိုးညွှန့်၊စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊စာရေးဆရာဦးထင်လင်းဦးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ၊နိုင်/ကျဉ်းဟောင်းတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အများအပြားတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
“ဆရာတော်ကြီးက နိုင်/ကျဉ်းတွေကို သူထောက်ပံ့ကူညီနေတာက ဟိုးအရင်ထဲကပါ၊ကြာပါပြီ။အလှူရှင်တယောက်ရဲ့ ကျောင်းရေစက်ချအခမ်းအနားမှာ နိုင်/ကျဉ်းမိသားစုတွေကိုပါ၊တခါထဲ ထောက်ပံ့ပွဲ လေးပြုလုပ်ပေးတာလေးပါ။ တခြားနိုင်ငံရေးနဲ့ ပတ်သက်လို့တော့ ထွေထွေထူးထူးဆွေးနွေးခဲ့တာမျိုးမရှိပါဘူး”လို့ နိုင်/ကျဉ်းဟောင်း တယောက်က ထပ်လောင်းပြောပြပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW