ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၈-၂၀၂၅
ရတီ(VOM)
အမေရိကန် ဒဲလ်တာလေကြောင်းလိုင်းမှ လေယာဉ်တစင်းဟာ နှင်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် ကနေဒါနိုင်ငံ တိုရွန်တိုပီယာဆန်လေဆိပ်မှာ ဆင်းသက်စဉ် ပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၈၀ အနက် ၁၈ ယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လေယာဉ်ဟာ ဒဲလ်တာလေကြာင်းလိုင်းရဲ့ အန်ဒါဗာလုပ်ငန်းခွဲကနေ လည်ပတ်နေတဲ့ CRJ900 လေယာဉ်ဟာ ခရီးသည် ၇၆ ယောက်နဲ့ လေယာဉ်အမှုထမ်း လေးယောက်လိုက်ပါသွားခဲ့ပြီး မတော်တဆမှုဖြစ်စဉ်ကို ဒဲလ်တာလေကြောင်းလိုင်းက အတည်ပြုထားပါတယ်။
လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးကြောင်း ကနေဒါတာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ဟာ ဆင်းသက်ခြင်းမပြုမီ ထူးခြားတဲ့ အရိပ်လက္ခဏာတွေ မတွေ့ခဲ့ဘူးလို့ ခရီးသည်တယောက်က ဆိုပါတယ်။
ကနေဒါနိုင်ငံမှာ သီတင်းပတ်ကုန်ပိုင်းက ပြင်းထန်တဲ့ နှင်းမုန်တိုင်းတွေ တိုက်ခိုက်ခဲ့ပြီး လေဆိပ်မှာ နှင်းထု ၂၂ စင်တီမီတာထိ ကျဆင်းခဲ့ပြီးနောက် လေကြောင်းလိုင်းတွေဟာ ဖျက်သိမ်းလိုက်ရတဲ့ ခရီးစဉ်တွေကို အမှီလိုက်ပြေးဆွဲနိုင်ရေး ကြိုးပမ်းနေကြပြီး လေတိုက်နှုန်းနဲ့ အေးခဲနေတဲ့ အပူချိန်က စိန်ခေါ်မှု ဖြစ်နေပါတယ်။
ဒဏ်ရာရသူအားလုံမှာ ခရီးသည်တွေဖြစ်ပြီး နီးစပ်ရာဆေးရုံတွေကို ပို့ပေးထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲက သုံးယောက်ကတော့ အခြေအနေပြင်းထန်းတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်မှာ ဇန်နဝါရီနှောင်းပိုင်းကလည်း ဝါရှင်တန် ဒီစီမှာ စစ်ရဟတ်ယာဉ်နဲ့ ခရီးသည်လေယာဉ်တိုက်မိလို့ လူ ၆၇ ယောက်သေဆုံခဲ့ပြီး ဖီလာဒဲလ်ဖီးယားမှာလည်း ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ်တစင်းပျက်ကျလို့ ခုနှစ်ယောက်သေဆုံးခဲ့ကာ အလက်စကားပြည်နယ်မှာလည်း ခရီးသည်တင်လေယာဉ်ပျက်ကျပြီး လူ ၁၀ ယောက်သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo:Reuters