TNLA ထိန်းချုပ်ရာ ကွတ်ခိုင်နဲ့နမ္မတူအကြား နစက လေကြောင်းတိုက်ခိုက်

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅
Shy V (VOM)
နစက နဲ့ TNLA ကူမင်းမှာ ဆွေးနွေးနေချိန် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ည ၈ နာရီခွဲ ဝန်းကျင်ခန့်က TNLA ထိန်းချုပ်ရာ ကွတ်ခိုင် နဲ့ နမ္မတူ မြို့နယ်အစပ်ကို နစက က လေကြောင်းဗုံးကြဲတိုက်ခိုက် ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နမ္မတူရဲ့ တဖက် တောင်ကြော၊ ဒေသအခေါ် ဆိုင်းခေါင်ဝ် တောင်ဘက် လာကြဲတာ။ မနေ့ည ၈ နာရီ ခွဲ ဝန်းကျင်ခန့်က။ အထိအခိုက်တော့ မသိဘူး” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ယမန်နေ့ ညပိုင်းက ကွတ်ခိုင်မြို့‌ေပါ်မှာလည်း လေယာဉ်တွေ ပျံဝဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အသံတော့ ကြားလိုက်တယ်။ နမ္မတူ နဲ့ ကွတ်ခိုင် အစပ်ဘက်က မန်ဆာရွာလို့ ကြားတယ်။ အတိအကျ မသိသေးဘူး။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ဆွေးနွေးတာ အဆင်မပြေဘူးလို့ သတင်းတွေကြားနေရပြီး ဆွေးနွေးတာ အဆင်မပြေရင် အမှုန့်ကြိတ်မယ့် သဘောရှိကာ သတိပေးနေတယ်လို့ ယူဆရကြောင်း သူက ပြောပါတယ်။
တရုတ်ရဲ့ ဖိအား မလွန်ဆန်နိုင်လို့ ဆွေးနွေး ရတယ်လို့ မြင်ပြီး ရေရှည်ငြိမ်းချမ်းမှု အစစ်မဖြစ်နိုင်ပဲ အခြေနေရ အားသာချက်ရတဲ့နေ့တကျော့ပြန် တိုက်ပွဲ ပြန်ဖြစ်လာနိုင်ကြောင်း တချို့ ဒေသခံတွေက ပြောနေကြပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုနဲ့ လက်ရှိစစ်ရေးပြဿနာတွေပြေလည်နိုင်ဖို့ မြန်မာကိုယ်စားလှယ်တွေနဲ့ TNLA ကိုယ်စားလှယ်တွေ ကူမင်းမြို့ကို စတင် ရောက်ရှိတဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကမှာပဲ နောင်ချိုမြို့နယ်ရှိ နာဆွေ (နားရှိုး)ကျေးရွာ၊ အုမ္မတီးကျေးရွာ၊ ညောင်နီကျေးရွာ၊ တောင်ရွှေ(တောင်ရှည်)ကျေးရွာ တွေဘက် နစကတပ်ဖွဲ့ရဲ့ တောင်ခမ်းစခန်း ခမရ (၄၀၆)၊ တပ်ရင်း (၃၅၄)နဲ့ တပ်ရင်း (၉၀၂)တို့ ကနေ လက်နက်ကြီး အလုံးရေ (၁၃၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး Y-12 လေယာဥ်နဲ့ နာဆွေ(နားရှိုး)ကျေးရွာအတွင်း ဗုံး (၃၈)လုံး လာရောက်ကြဲချခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW