ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅
ZY(VOM)
ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအခြေစိုက်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အခု ဖေဖော်ဝါရီလ၊ တတိယပတ်အတွင်း ကားနဲ့ ဆိုင်ကယ်ခိုးယူခံရမှုတွေ ပိုမိုတိုးပွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယခုသီတင်းပတ်အတွင်းကလည်း ပညာရေးဝန်ထမ်းအိမ်ယာက ကားတစ်စီးအပါအဝင် ကားနှစ်စီး ခိုးယူခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မနေ့ ဖေဖော်ဝါရီလ ၁၈ရက်၊ ညပိုင်းက တောင်ကြီးမြို့၊ အမှတ်-၂ရဲစခန်းအနီး၊ မင်္ဂလာဦးရပ်ကွက်၊ အရှေ့မြို့ပါတ်လမ်းဆုံးအနီးမှာ နေအိမ်ရှေ့ ရပ်ထားတဲ့ Honda Fitအမျိုးအစား၊ ခဲရောင် ကားတစီးကို ကားမှန်ရိုက်ခွဲကာ သော့ဖျက်ပြီးတော့ ခိုးယူခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“မနေ့ည ၈နာရီထိ ကားက ရှိနေပါသေးတယ်။ မိုးလင်းတော့ ကားက မရှိတော့ဘူး။ ကားမှန်ကို ရိုက်ခွဲပြီး ခိုးသွားတာ။ မှန်ကွဲစတွေ ကျန်ခဲ့တယ်။ အစစအရာရာ ရှားပါးနေတဲ့ အချိန်မှာ ခိုးခံရတော့ နှမျောတာပေါ့။ ရှေ့ရက်က ဝါးပြားမှာ ခိုးခံရတဲ့ ကားတစ်စီးနဲ့ ဖြစ်ပုံက အတူတူပဲ”လို့ ကားခိုးယူခံရသူက VOMကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ရက်၊ ညပိုင်းကလည်း တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဝါးပြားလမ်းဆုံ အနီးရှိ ပညာရေးဝန်ထမ်းအိမ်ယာမှာ ရပ်ထားတဲ့ အဖြူရောင် Hijet အမျိုးအစားကားကိုလည်း ကားမှန်ရိုက်ခွဲကာ ခိုးယူခံရမှုဖြစ်ပွားခဲ့ပေမယ့် ခိုးယူသူတွေကို ဒီကနေ့အချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။
တောင်ကြီးမြို့မှာ ကားခိုးယူခံရမှုတွေ၊ မီးကြိုးခိုးယူခံရမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိသလို ဆိုင်ကယ်ခိုးယူခံရမှုတွေလည်း နေ့တိုင်းဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ရက်၊ မနက်အစောပိုင်းကလည်း တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၃)ရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခိုးယူခံရမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။