ဖေဖော်ဝါရီ ၁၉ – ၂၀၂၅
CC (VOM)
ပုဂ္ဂလိကလုံခြုံရေးဥပဒေကို မနေ့ကဖေဖော်ဝါရီ ၁၈ ရက်မှာ နစကမှပြဋ္ဌာန်းလိုက်ပြီး အဆိုပါဥပဒေအရ ပုဂ္ဂလိကလုံခြုံရေးလုပ်ငန်းတွေမှာ လက်နက်ကို်ငဆောင်ခွင့်အတွက် လျှောက်ထားခွင့်ပြုချက်ရယူနိုင်တဲ့ အချက်လည်း ပါဝင်လာပါတယ်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ လိုအပ်ချက်အရ လက်နက်၊ ခဲယမ်း ကိုင်ဆောင်ခွင့် လျှောက်ထားလာပါက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို တင်ပြပြီး သဘောထားရယူပြီး ဆောင်ရွက်ပေးမယ်လို့ ဥပဒေမှာထည့်သွင်းပြဋ္ဌာန်းထားပါတယ်။
လိုင်စင်ရရှိသူဟာ လုပ်ငန်းလိုအပ်ချက်အရလက်နက်ခဲယမ်းကိုင်ဆောင်တဲ့အခါ လက်နက်ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းတွေကို လက်နက်ဥပဒေ၊လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ ၊တည်ဆဲဥပဒေနဲ့အညီကိုင်ဆောင်ရမယ်လို့ဆို ပါတယ်။
လုံခြုံရေး ၁၀ ယောက်အထက် ခန့်မယ်ဆိုရင် လိုင်စင်လျှောက်ထားရမယ်လို့ ဥပဒေက ဆိုပါတယ်။ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်း ဒါမှမဟုတ် လုပ်ငန်းခွဲအတွက် လုံခြုံရေး ၁၀ ယောက် ထက် ပိုပြီး ခန့်ထားတဲ့လုပ်ငန်းရှင်တွေအနေနဲ့ ဥပဒေပြဋ္ဌာန်းတဲ့ နေ့ကစပြီး ၆ လအတွင်း သတ်မှတ်ချက်နဲ့အညီ ခွင့်ပြုမိန့် လျှောက် ထားရမှာ ဖြစ်သလို ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့လည်း ဥပဒေပြဋ္ဌာန်းတဲ့ နေ့မှစပြီး ၆ လအတွင်း သက်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီကို ခွင့်ပြုမိန့်လိုင်စင်လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
” လုံခြုံရေး ၁၀ ယောက်ထက်ပိုရင် လိုင်စင်လျှောက်ရမယ်ဆိုတော့ အဓိက တကယ့် ဟိုတယ်ကြီးတွေနဲ့လုပ်ငန်းကြီးသမားတွေပဲ လျှောက်ရမယ်ထင်တယ်။ ကျန်တဲ့လုပ်ငန်းတွေကတော့ သိရသလောက် လုံခြုံရေးအများကြီးခန့်တာ သိပ်မရှိဘူးထင်တယ်။Security service တွေကိုတော့ လိုအပ်ရင်လက်နက်ပါကိုင်ခွင့်ပြုမယ်ဆိုပြီး လည်းတွေ့ရတယ်။ဥပဒေခုမှပြဋ္ဌာန်းတာဆိုတော့ ဘယ်လိုတွေလုပ်ကြအုံးမလဲဆိုတာတော့ စောင့်ကြည့်ရအုံးမှာပါ။ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်ပေးတဲ့ ကုမ္ပဏီကတော့လိုင်စင်လျှောက်ရမှာပေါ့။security service ပေးနေတဲ့လုပ်ငန်းတွေတော်တော်များများရှိပါတယ်။ ” လို့ လုပ်ငန်းရှင်ကသုံးသပ်ပြောပါတယ်။
ကော်မတီရဲ့ ခွင့်ပြုမိန့်လိုင်စင် မရှိဘဲ ကိုယ်ပိုင်လုပ်ငန်း နဲ့ လုပ်ငန်းခွဲအတွက် လုံခြုံရေးဝန်ထမ်း ၁၀ ယောက်ထက် ပိုပြီး ခန့်ထားပါက တနှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ် ကျပ်သိန်း တရာမှ ကျပ်သိန်း ငါးရာအထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းကိုလည်း လိုင်စင်မရှိဘဲ လုပ်ကိုင် ပါက အနည်းဆုံး တနှစ်ကနေ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ခံရမယ့်အပြင် ငွေဒဏ် ကျပ်သိန်းတရာ အထိလည်း ချမှတ်ခံရမှာ ဖြစ်ကြောင်း၊ တကယ်လို့ ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်း ဖြစ်ခဲ့ရင် ငွေဒဏ် အနည်းဆုံး ကျပ်သိန်းတထောင် ကနေ အများဆုံး ကျပ်သိန်း သုံးထောင်ထိ ချမှတ်ခံရမှာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
” ဒီဥပဒေအရဆိုရင် security service လုပ်တဲ့ ပြည်တွင်း ပြည်ပကုမ္ပဏီအကုန်လုံး လက်နက်ကိုင်ခွင့်ရမယ့်သဘောပါ။”လို့ ရန်ကုန်က လုပ်ငန်းရှင်တယောက် သုံးသပ်ပါတယ်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းအာမခံအဖြစ် မြန်မာ့စီးပွားရေးဘဏ်မှာ အနည်းဆုံး ကျပ်သိန်းတထောင်၊ နိုင်ငံခြားကုမ္ပဏီဆိုရင် ကျပ်သိန်း ၁၀၀၀ နဲ့ ညီမျှတဲ့ နိုင်ငံခြားငွေကို စာရင်းသေအပ်ငွေအဖြစ် အပ်နှံထားရှိရမှာဖြစ်တယ်လို့လည်းသိရပါတယ်။
လိုင်စင်ရရှိသူဟာ နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်ထားရာမှာ မြန်မာနိုင်ငံသား အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားရမယ်လို့လည်း ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။
Photo – Excel security service