ဗန်းမော်မှာ စစ်ရှောင်နေအိမ်တွေ ဖောက်ထွင်းခံရမှု ဆိုးရွားနေ

ဖေဖော်ဝါရီ ၁၉ – ၂၀၂၅
GG (VOM)
ကချင်ပြည်နယ်၊ဗန်းမော်မြို့က စစ်ဘေးရှောင်နေသူတွေရဲ့ နေအိမ်တွေမှာ ဖောက်ထွင်းခံရမှုဆိုးရွာနေပြီး ဖောက်ထွင်းလုယက်သူတွေက အိမ်ရှင်ပြန်လာရင် ခြိမ်းခြောက်မှုတွေအထိ ဖြစ်ပွားလာနေတယ်လို့သိရပါတယ်။
ဗန်းမော်မြို့က အိမ်စောင့်မရှိတဲ့ နေအိမ်တွေကို အဓိကဖောက်ထွင်းပြီးနေအိမ်ရှိ တန်ဖိုးရှိပစ္စည်းတွေကို ကုန်တင်ကားကြီးတွေနဲ့သယ်ယူနေကြတာဖြစ်ကြောင်း ၊ ပစ္စည်းတွေဖောက်ထွင်းရယူနေချိန် အိမ်ပိုင်ရှင်ပြန်လာချိန်နဲ့ကြုံပါက အိမ်ထဲအဝင်မခံတဲ့အပြင် နောက်တကြိမ်အိမ်ပြန်မလာဖို့ပါ ခြိမ်းခြောက်မှုတွေရှိလာနေတာဖြစ်တယ်လို့သိရပါတယ်။
“သူတို့ကအုပ်စုလိုက်ကိုယူနေကြတာ။ကားကိုဖင်ထိုးပြီးရှိသမျှရေခဲသေတ္တာ၊ ကျွန်းကုလားထိုင်တွေ၊တပ်ထားတဲ့ကျွန်းတံခါးကအစဖြုတ်ခိုးနေကြတာပါ။ကျွန်တော့မိတ်ဆွေ အိမ်ကိုခဏပြန်ကြည့်တာ သူ့အိမ်ကို ကားဖင်ထိုးပြီးပစ္စည်းသယ်နေတာတွေလို့ သွားတော့ သူ့ကိုတောင်ပြန်မေးတယ်ဘယ်ကလဲ ဘယ်သူလဲမေးလို့အိမ်ရှင်ပါပြောတော့ နောက်တခါပြန်မလာနဲ့ သတ်ပစ်မယ်ဆိုပြီးပြောလိုက်တယ်။ ကိုယ့်အိမ်ဖောက်ခံနေရတာမြင်ရင်လည်း ငြိမ်နေရတဲ့ဘဝပါ။အိမ်စောင့်ပါမနေခိုင်းလို့ထွက်ရတဲ့ရပ်ကွက်တွေမှာ တော်တော်ဆိုးနေတာပါ။”လို့ ဗန်းမော်စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့ ဒေသခံကပြောပါတယ်။
ဖောက်ထွင်းမှုဆိုးရွားနေတာက ရိုးကြီးရပ်ကွက်မှာ ဖြစ်ပွားနေတာဖြစ်ကြောင်း၊ဟန်းတဲ ဘက်မှာလည်း ဖောက်ထွင်းမှုတွေဖြစ်နေပြီး ကျန်တဲ့လူစောင့် မရှိတဲ့ရပ်ကွက်ကနေအိမ်တွေမှာလည်း ပစ္စည်းတွေဖောက်ထွင်းမှုဖြစ်ပွားနေတယ်လို့သိရပါတယ်။
လက်ရှိ ဗန်းမော် မြို့ပေါ်မှာ ရပ်ကွက်တခုနဲ့တခုပင် သွားလာရ မလွယ်ကူတော့သလို ဗန်းမော်မြို့ထဲကို ပြင်ပကနေဝင်ရောက်ဖို့ ခက်ခဲနေချိန်မှာ မြို့ထဲရှိ စစ်ဘေးရှောင်တွေရဲ့နေအိမ်တွေ ဖောက်ထွင်းခံနေရတာဖြစ်တယ်လို့သိရပါတယ်။
” ရိုးကြီးရပ်ကွက်ဆို သွားဖို့တောင်မလွယ်တော့ဘူး။ ကျန်တဲ့ရပ်ကွက်တွေလည်းတခုနဲ့တခုသွားဖို့ ခက်တယ်။သူတို့ကလူမရှိတဲ့အိမ်ကို အဓိကထားခိုးနေတာ။ဘေးအိမ်မှာလူရှိလည်း ပစ္စည်းယူတာပဲ ဘေးအိမ်ကိုဂရုမစိုက်ဘူး။ ပေါ်တင်ကို အေးအေးဆေးဆေးကိုယူနေကြတာ။ တနေရာနဲ့တနေရာသွားလာဖို့မလွယ်ချိန် ကားကြီးနဲ့ပစ္စည်းတွေကို လိုက်ခိုးနေတာ စဥ်းစားစရာပါဗျာ။ စစ်ရှောင်ရတဲ့ဒုက္ခအပြင် အိမ်ကပစ္စည်းတွေပါ ဖောက်ခံနေရတယ်။တပူပေါ်တပူဆင့်ဒုက္ခရောက်နေရတယ်။ ” လို့ ဗန်းမော်စစ်ရှောင်ကပြောပါတယ်။
ဗန်းမော်မြို့မှာ လက်ရှိ အချိန်ထိတိုက်ပွဲပြင်းထန်းနေဆဲဖြစ်တာကြောင့် နှစ်ဖက်အဖွဲ့အစည်းတွေကလည်း နေအိမ်ဖောက်ထွင်းပြီးပစ္စည်းခိုးယူနေသူတွေကို ထိရောက်တဲ့အရေးယူမှု ဖမ်းဆီးမှုတွေမရှိတဲ့အတွက် နေအိမ် ဖောက်ထွင်းတဲ့သူတွေက အုပ်စုလိုက် ခိုးယူနေကြတာဖြစ်တယ်လို့သိရပါတယ်။
ဗန်းမော်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် နစကရဲ့အုပ်ချုပ်ရေးယန္တရားလည်းရပ်တန့်သွားပြီး မြို့ခံအားလုံးနီးပါးကတော့ မန္တလေး နဲ့ရွှေကူမြို့တွေမှာ စစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW