ဗန်းမော် နစက ဌာနချုပ်စခန်းနှစ်ခုကို KIA ထိန်းချူပ်လိုက်ကြောင်း သတင်းထွက်ပြီးနောက် တိုက်ပွဲပိုမိုပြင်းထန်လာ

ဖေဖော်ဝါရီ-၂၀-၂၀၂၅
Shy V (VOM)
ဗန်းမော် မြို့ရှိ နစက တပ်ဖွဲ့ရဲ့ ခလရ – ၂၃၆ နဲ့ အမတ – ၃၆၆ တပ်ဌာနချုပ်စခန်း နှစ် ခု ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေက KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ပြီလို့ သိရကြောင်း လို့ KIA တပ်ဖွဲ့ နဲ့ နီးစပ်တဲ့ သူ တယောက်က ပြောပါတယ်။
အမတ ၃၆၆ တပ်စခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ တာဖြစ်ပေမယ့် နစကဘက်က ဒရုန်း၊လက်နက်ကြီး၊ လေကြောင်း တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကြောင့် KIA နဲ့ ပူးပေါင်း တပ်ဖွဲ့က ပြန်လည်ဆုတ်ခွာသွားတာလို့ သူက ပြောပါတယ်။
လက်ရှိမှာလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ ဖြစ်ပြီး နစက တပ်ဖွဲ့ ဘက်ကတော့ ဒရုန်း နဲ့ လေကြောင်းကို အဓိက အသုံးပြုနေတယ်လို့ ဆိုပါတယ်။
နစက နဲ့ နီးစပ်သူတွေကတော့ လေယာဉ်ဗုံးကြောင့် KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ထိခိုက် ကျဆုံးမှု များကြောင်း ပြောပါတယ်။
“ဗန်းမော် ၂၃၆ နောက်ဆုတ်ပေးလိုက်ရပြီ။ ၃၆၆ ကို အင်အားအလုံးအရင်းနဲ့ တိုက်နေပါတယ်။ စကခ ၂၁ အတွက်တော့ စိုးရိမ်ရတဲ့အခြေအနေပါ။” လို့ နစက နဲ့ နီးစပ် သူ တယောက်က ပြောပါတယ်။
စစ်ရဲ့သဘောတရားအရ ရှေ့တိုးနောက်ဆုတ်ရှိမှာ ဖြစ်ပြီး ဗန်းမော်အခြေအနေ ဆသရ – ၅၊ထပရ – ၉၃၃၊ စအရ – ၉၁၄၊ စနခ – ၆၄၁၊ ခလရ – ၄၇ တို့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့ ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်ပွင့်တဲ့ သတင်းက အတည်ပြုလို့ မရသေးကြောင်း၊ ဖေဖော်ဝါရီလ ၁၈ ရက်ရော ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ပါ နစက တပ်ဖွဲ ဘက်က လေကြောင်း နဲ့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တရက်ထဲတင် လေကြောင်းနဲ့ ၁၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၁ နာရီ ခွဲ ဝန်းကျင်ခန့်က တိုက်ပွဲ မရှိတဲ့ ဝက်ငင်း၊ နှင်းအီ ရှမ်းရွာေတွဘက် လေယာဉ် ဗုံးကြဲခံရလို့ ဦးမောင်ဦးတို့ မိသားစု အားလုံး သေသွားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ လူ ၇ ယောက် သေဆုံးကာ ၂ ယောက် ထိခိုက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း တိုက်ပွဲ ဖြစ်ပွားတာ မရှိတော့တဲ့ စင်းခန်း၊ ဗန်းမော် တဖက်ကမ်းရှိ ပါပေါင်းရွာ၊ငှက်ပျောတောရွာ၊ သဖန်းပင်ရွာ၊ မြစေတီရွာ တွေဘက် လေကြောင်း ဗုံးကြဲ တိုက်ခိုက်တာ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW