မန္တလေးမှာ ရှေးဟောင်းသမိုင်းဝင် ကျောက်သား ဆင်းတုတော်တဆူ အခိုးခံရ

မန္တလေး၊ ဖေဖော်ဝါရီ – ၁၉- ၂၀၂၅
SA(VOM)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၂ လမ်း၊ ၃၆ လမ်းနဲ့ ၃၇ လမ်းကြားက ရှေးဟောင်းသမိုင်းဝင် ရွှေအိုးရစေတီတော်အတွင်းမှာရှိတဲ့ ကျောက်သား ဆင်းတုတော်တဆူကို မနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ညက ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။
အဲ့ဒီ ရှေးဟောင်းသမိုင်းဝင်စေတီတော်အတွင်းမှာ စကျင် ကျောက်မဟုတ်တဲ့ ကျောက်သားတမျိုးနဲ့ ထွင်းထုထားတဲ့ ရှေးဟောင်း ဆင်းတုတော် သုံးဆူရှိတဲ့အထဲက လျောင်းတော်မူ ဆင်းတုတော် ခိုးခံရတာကို ဒီကနေ့မနက် ၆ နာရီ မိနစ် ၃၀ အချိန်မှ သိရတာဖြစ်တယ်လို့ စေတီတော်နဲ့ ဆင်းတုတော်တွေကို မျိုးရိုးစဥ်ဆက် စောင့်ရှောက်လာခဲ့တဲ့ ဦးဇော်ဝင်းက VOM ကို ပြောပါတယ်။
“သူကတော့ ကြိုတင်ကြံစည်ပြီးတော့ လုပ်လာတဲ့သဘော၊ ဘာကြောင့်လည်းဆိုတော့ သံတူရွင်းတချောင်းနဲ့ သော့တွေအကုန်ဖျက်ပြီးတော့ ဆင်းတုတော်ကိုယူသွားတယ်ဆိုတော့လေ၊ ဒီဆင်းတုတော်ကို ဒီမှာရှိမှန်းသိလို့ ကြိုတင်ကြံစည်ပြီးယူလာတာ၊ မသိရင် ဒါက ယူလာစရာအကြောင်းမရှိဘူး၊ အရင်ကလည်း တခါပျောက်ဖူးပါတယ်၊ ဒီဆင်းတုတော်က မြဝတီကိုရောက်သွားပြီ၊ မဲဆောက်ဘက်ကိုကူးမယ့်အချိန်မှာ မိတာ၊ အဲ့တော့ ၂၀၀၇ ခုနှစ်မှာ ဒီဆင်းတုတော်ကို ပြန်ရတာပါ” လို့ ဦးဇော်ဝင်းက VOM ကိုပြောပါတယ်။
အဲ့ဒီဆင်းတုတော်ဟာ ပထမတခေါက် အခိုးခံရမီအချိန်က အကာအရံမရှိပေမယ့်၊ ၂၀၀၇ ခုနှစ်က ဆင်းတုတော်ကို ပြန်ရချိန်မှာ အကာအရံနဲ့ ပူဇော်ထားတဲ့တာကို ဒုတိယအကြိမ်ခိုးခံရတာဖြစ်တယ်လို့ သိရပါတယ်။
လက်တလော ဆင်းတုတော် ခိုးခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမှတ် ၉ နယ်မြေရဲစခန်းကို တိုင်ချက်ဖွင့်ထားတယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW