အင်းလေးမှာ ခရမ်းချဉ်သီး တပိဿာကို ၄၀၀ ကျပ်ခန့်သာ ပေါက်ဈေးရှိလို့ တောင်သူတွေ အရှုံးပေါ်နေ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်ကနေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ရက်အထိ ခရမ်းချဉ်သီး တပိဿာကို ၄၀၀ ကျပ်ဝန်းကျင်ခန့်သာ ဈေးရရှိနေတဲ့အတွက် အရှုံးပေါ်နေတယ်လို့ ခရမ်းချဉ်သီးစိုက်တောင်သူတွေထံကနေ သိရပါတယ်။
အင်းလေးဒေသထွက် ခရမ်းချဉ်သီးတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပါတ်အတွင်းက တပိဿကို ၇၀၀ကျပ်ကနေ ၉၀၀ကျပ်အထိ ဈေးရရှိခဲ့ပေမယ့် ဖေဖော်ဝါရီလ ၁ရက်ကနေစတင်ပြီး တစ်ပိဿကို ၃၀၀ကျပ်ကနေ ၄၀၀ကျပ်ဝန်းကျင် ဈေးကျဆင်းသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုချိန်က အင်းလေးက နေရာတိုင်းနီးပါးမှာ ခရမ်းချဉ်သီးတွေက တပြိုင်တည်းထွက်လာကြပြီဆိုတော့ ဈေးက ထိုးကျကုန်တာ။ အစိမ်းသီးဆိုရင် ၃၀၀၊ သံယောင်သီးဆိုရင် ၃၅၀၊ ၄၀၀လောက်ပဲ ရတယ်။ ကုန်ကျစရိတ်က တပိဿကို ၄၀၀၊ ၅၀၀လောက်ရှိတော့ ရှုံးပြီပေါ့။ ဒါတောင် ကိုယ့်လုပ်အားခ မပါသေးဘူး”လို့ တောင်သူတယောက်က VOMကို ပြောပါတယ်။
အင်းလေးဒေသထွက်ခရမ်းချဉ်သီးတွေဟာ လက်ရှိအချိန်မှာ ဝယ်လိုအားထက် ရောင်းလိုအား ပိုမိုများပြားနေတာကြောင့် စက်သုံးဆီနဲ့ လုပ်သားငှားရမ်းခ မြင့်တက်မှုတွေ ဖြစ် ပေါ်နေချိန်မှာ စျေးနှုန်းက ကျဆင်းနေတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက ဆိုပါတယ်။
“အောင်ပန်းအထိ သွားရောင်းရင်တော့ ၆၀၀ကနေ ၈၀၀လောက်အထိ ရတယ်။ ဒါပေမယ့် စက်လှေခ၊ အလုပ်သမားခ၊ ကားခတွေနဲ့ ပြန်တွက်လိုက်ရင် ဘာမှမထူးဘူး။ ရှုံးတာက ရှုံးတာပါပဲ။ ဈေးက အဲဒီဝန်းကျင်မှာပဲ ငြိမ်နေသေးတယ်။ ထပ်ကျဖို့တော့ မရှိလောက်ဘူး။ တခြားဒေသကထွက်တဲ့ ခရမ်းချဉ်သီးတွေက ကုန်ခါနီးပြီ။ သူတို့ဖက်က ကုန်ရင်တော့ ဈေးပြန်တက်လာမယ်လို့ မျှော်မှန်းထားပါတယ်”လို့ ကုန်သည်တယောက်က VOMကို ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ကုန်စိမ်းဈေးကွက်ဖြစ်တဲ့ အောင်ပန်းကုန်စည်ဈေးကွက်မှာ အခုဖေဖော်ဝါရီလအတွင်း ခရမ်းချဉ်သီးအပြင် ဂျင်း၊ ပဲကြီး၊ ပဲစင်းငုံစတဲ့ ကုန်စည်တွေလည်း ဈေးဆက်တိုက်ကျဆင်းလာနေတဲ့အတွက် တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Aungban Trading
# Voice of Myanmar #VOM#အင်းလေးခရမ်းချဉ်တွေဈေးကျဆင်း#တောင်သူတွေအရှုံးပေါ်

Related posts

Leave a Comment

VOM News

FREE
VIEW